ထိုင်းရွေးကောက်ပွဲကော်မရှင်

April 1, 2019

ထိုင်းရွေးကောက်ပွဲကော်မရှင် နုတ်ထွက်ရေး ဘန်ကောက်တွင် ဆန္ဒပြ

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ထိုင်းစစ်ကောင်စီအစိုးရ ဦးဆောင်ကျင်းပသွားတဲ့ ထိုင်းနိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲပေါ် ဝေဖန်မှုတွေ မြင့်တက်နေပြီး ရွေးကောက်ပွဲ ကော်မရှင် နုတ်ထွက်ပေးရေး ဆန္ဒပြ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ မတ်လ ၃၀ ရက်နေ့က ဘန်ကောက် နေရာ ၃ ခုမှာ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ ဘန်ကောက်မြို့လယ်ကောင် ရာ့ခ်ျပဆုန်လမ်းဆုံက ဆန္ဒပြပွဲကို ထမ်မသတ်တက္ကသိုလ် လူမှုဖွံ့ဖြိုးရေး ဘာသာရပ် အငြိမ်းစား နည်းပြဆရာ ဆငွန်ဆွတ် ဦးဆောင်ပြီး ရွေးကောက်ပွဲကော်မရှင် နုတ်ထွက်ရေး ထောက်ခံသူ လူထုလက်မှတ်ကောက်ခံကာ ထောက်ခံသူတိုင်း မော်တော်ကားရှေ့မီးဖွင့်ရေး လှုပ်ရှားမှု ပြုခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲကို လုံခြုံရေးရဲအင်အား ၁၀၀ လောက်က ရောက်လာပြီး နေရာအသုံးပြုခွင့် မပေးသလို လော်စပီကာတွေ သိမ်းယူသွားခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင်က သတင်းထောက်ကို ပြောပါတယ်။ သူတို့ဟာ သက်ဆိုင်ရာကို စုဝေးတန်းစီခွင့် တင်ပြပြီး ခွင့်ပြုချက်လည်း ရပြီးဖြစ်ကြောင်း ပြောဆိုရာမှာ ခရိုင်ထိ ခွင့်တောင်းရမယ်လို့ ပြောဆိုခဲ့ကြောင်း၊ ခရိုင်ထိသွားနေစဉ် လမ်းခုလပ်မှာ ခရိုင်ရုံးပိတ်သွားပြီဟု လုမ္ပဏီရဲစခန်းက ဖုန်းပြန်ဆက်လာတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း၊ ရဲက လော်စပီကာ ပြန်မပေးရင် လမ်းမပေါ်တက်ပြီး စုဝေးဆန္ဒပြမယ်လို့ ပြောကာမှ လော်စပီကာ ပြန်ပေးခဲ့ကြောင်း၊ အဲဒီနောက် ဆန္ဒပြသူတွေဟာ သီချင်းပြိုင်တူသီဆိုပြီး ရွေးကောက်ပွဲမှာ Popular Votes လို့ခေါ်တဲ့ ပါတီမဲအရေအတွက်ပေါ် မူမတည်ဘဲ Electoral Votes လို့ခေါ်တဲ့ အမတ်ဦးရေ အများဆုံးရတဲ့ပေါ် မူတည်ပြီး အစိုးရဖွဲ့ခွင့်ရှိဖို့၊ စစ်အစိုးရ နောက်ခံပါတီအနေနဲ့ ပါတီမဲအနိုင်ရလို့ နိုင်တဲ့အကြောင်း သတင်းမလွှင့်ဖို့၊ ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံးရထားတဲ့ပါတီ အနေနဲ့ အစိုးရဖွဲ့ပြီး ဝန်ကြီးချုပ်ရွေးချယ်ရာမှာ လာရောက်ပူးပေါင်းတဲ့ တခြားပါတီက ပုဂ္ဂိုလ်တွေကို မယူဘဲ ဖွေထိုင်းပါတီက အဆိုပြုထားတဲ့ ပုဂ္ဂိုလ် ၃ ဦးထဲကသာ ရွေးဖို့၊ ရဲတပ်ဖွဲ့အနေနဲ့ ရွေးကောက်ပွဲ တရားမျှတရေး တောင်းဆိုနေသူတွေကို ခြိမ်းခြောက်ခြင်းမပြုဖို့ တောင်းဆိုခဲ့ပါတယ်။ ဘန်ကောက် အနုဆဝရီချိုင်းဆမော်လဖုန်း လမ်းပေါ်ရှိ ဆန္ဒပြပွဲကိုတော့ နိုင်ငံရေး လှုပ်ရှားသူများ အဖွဲ့က ဦးဆောင်ပြီး ရွေးကောက်ပွဲကော်မရှင် အနေနဲ့ မဲရုံအသီးသီးက ရလာတဲ့ ဆန္ဒမဲအရေအတွက် အသေးစိတ်စာရင်း အများပြည်သူကို ပွင့်လင်းမြင်သာ ချပြဖို့၊ တောင်းဆိုချက်အတိုင်း မလိုက်နာရင် ရွေးကောက်ပွဲကော်မရှင်များ နုတ်ထွက်ရေး အမည်စာရင်းတင်သွင်း တိုင်ကြားသွားမယ့်အကြောင်း၊ ပါတီမဲ အများဆုံးရထားတဲ့ ဖလန်းပရချားရတ်ပါတီ အနေနဲ့ တခြားပါတီတွေကို မယှဉ်ပြိုင်ဖို့၊ အခုလို လာရောက်စုဝေးတာဟာ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်တာ မဟုတ်ဘဲ ပြည်သူအနေနဲ့ စစ်ကောင်စီအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သည်းမခံနိုင်ကြောင်း ပြသခြင်းသာ ဖြစ်တယ်လို့  ထုတ်ပြန်ကြေညာသွားပါတယ်။ အလားတူ ဘန်ကောက် ယိင့်ကျလွန်းဈေးအနီးမှာလည်း ထိုင်းအခြေခံဥပဒေ ကာကွယ်ထိန်းသိမ်းရေး အဖွဲ့က ဦးဆောင်ပြီး ရွေးကောက်ပွဲ ပွင့်လင်းမြင်သာရေး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် ဆန္ဒမဲရလဒ်တွေကို ချက်ချင်း မထုတ်ပြန်နိုင်ဘဲ အချိန်ဆွဲခဲ့တာ၊ မဲအရေအတွက်မှာလည်း ၄ ရက်အတွင်း မယုံကြည်နိုင်စရာ ၄ သန်းနဲ့ ၄ သိန်း ထပ်တိုးပွားလာတာ၊ မဲပေးပိုင်ခွင့်ရှိသူဦးရေနဲ့ ရလာတဲ့ ဆန္ဒမဲအရေအတွက် ကွာဟနေတာ၊ ရန်ပုံငွေများစွာသုံးပြီး စနစ်တကျရှိအောင် မဆောင်ရွက်နိုင်တဲ့အကြောင်း ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ပယ်မဲဖြစ်သွားခဲ့ရတဲ့ နယူးဇီလန်နိုင်ငံရောက် ထိုင်းပြည်သူတွေရဲ့ မဲလက်မှတ်တွေကို ဖွင့်လှစ်ရေတွက်ဖို့၊ ပွင့်လင်းမြင်သာ ပြန်ပြီး မဆောင်ရွက်ရင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ နုတ်ထွက်ဖို့ တိုင်ကြားသွားမယ့်အကြောင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။
3 years Ago

ထိုင်းရွေးကောက်ပွဲ ကော်မရှင်၏ ဂုဏ်သိက္ခာကို ဖွေထိုင်းပါတီ မေးခွန်းထုတ်

ထိုင်းနိုင်ငံမှာ ၂၀၁၄ စစ်အာဏာသိမ်းအပြီး ပထမဆုံး ရွေးကောက်ပွဲမှာ မဲတွေ ရာနှုန်းပြည့် ရေတွက်ပြီးစီးချိန် လက်ရှိ စစ်အစိုးရခေါင်းဆောင်ကို ဝန်ကြီးချုပ်လောင်း ကိုယ်စားလှယ်အဖြစ် နာမည်စာရင်းသွင်းခဲ့တဲ့ ပါတီက မဲအများဆုံး ရခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။ ဒါကြောင့် အတိုက်အခံ ဖွေထိုင်းပါတီရဲ့ အကြီးတန်း အဖွဲ့ဝင်တွေက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်ခဲ့တာပါ။ ဖွေထိုင်းပါတီ အတွင်းရေးမှူးချုပ် ဖွန်ထမ် ဝိချယာချိုင် "ပုံမှန်အားဖြင့် မဲရုံတွေပိတ်အပြီး ခဏအတွင်း မဲရှင်အရေအတွက်၊ ဘယ်သူက မဲဘယ်လောက်ရလဲ၊ လူဘယ်လောက်က ဘယ်သူ့အတွက် မဲပေးလဲဆိုတာ အားလုံးသိကြမှာပဲ။ ၂ နာရီလောက်ကြာရင် ပါတီတွေက ညွန့်ပေါင်းဖွဲ့ဖို့ ဆွေးနွေးနိုင်နေပြီ။ ခုတကြိမ်မှာတော့ အချိန်လေးရက် ကြာသွားတယ်။ ကနဦး မဲရလဒ်တွေ ကြေညာတယ်။ ကိန်းဂဏန်းတွေက ကွာဟနေလို့ ရှုပ်ထွေးကုန်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကို ဘယ်လိုယုံကြည်နိုင်မလဲ" လို့ မေးခွန်းထုတ်လိုက်ပါတယ်။ ကြာသပတေးနေ့က ကြေညာခဲ့တဲ့ မဲပေးသူ အရေအတွက်ဟာ မတ်လ ၂၄ ရက် မဲပေးချိန်က ကြေညာတဲ့ မဲရှင်အရေအတွက်ထက် ၃ သောင်းကျော် ပိုနေခဲ့လို့ ကိန်းဂဏန်း ကွာဟချက်အပေါ် ဖွေထိုင်းပါတီ အတွင်းရေးမှူးချုပ် ဖွန်ထမ် ဝိချယာချိုင်က မေးခွန်းထုတ်ပါတယ်။ ဆက်လက်ပြီး သူက "ရွေးကောက်ပွဲကော်မရှင်ဟာ အာဏာဆက်ခံရေးကို ပံ့ပိုးဖို့ အကွက်ချနေတယ်လို့ လူတွေရှုမြင်ခံရအောင် လုပ်နေမယ့်အစား ပွင့်လင်းမျှတတယ်လို့ ပြည်သူတွေက ယုံကြည်လာအောင် အားလုံးကို ရှင်းရှင်းလင်းလင်း လုပ်ရမယ်။ ရှင်းအောင် လုပ်ဖို့နဲ့ တာဝန်ယူဖို့လိုတယ်" လို့ ပြောပါတယ်။ ရွေးကောက်ပွဲမှာ စစ်တပ်ကို လိုလားတဲ့ ဖလန်းပရချားရတ်ပါတီက မဲပေါင်း ၈.၄ သန်း ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ စစ်အာဏာသိမ်းပြီး ဖယ်ရှားခံရတဲ့ ရွေးကောက်ခံအစိုးရကို ဖွဲ့ခဲ့သူ အဓိကအတိုက်အခံ ဖွေထိုင်းပါတီက ၇.၉ သန်း မဲရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲအတွင်း အောက်လွှတ်တော်အတွက် လွှတ်တော်အမတ်နေရာ အများစုကို ဖွေထိုင်းပါတီက ရခဲ့တာပါ။ ဒါပေမယ့် ရှုပ်ထွေးတဲ့ ရွေးကောက်ပွဲစနစ်အရ ပါတီတွေအတွက် ဝေပုံကျ အမတ်နေရာတွေပါ ထည့်ပေါင်း တွက်ချက်ထားတဲ့ အပြီးသတ် အောင်နိုင်သူ ဘယ်သူဆိုတာကို ရွေးကောက်ပွဲကော်မရှင်က မေလ ၉ ရက်မှာမှ ကြေညာမယ်လို့ ပြောထားပါတယ်။
3 years Ago
Up