ထိုင်းတောင်ပိုင်း ရေကြီးရေလျှံမှုအတွင်း သေဆုံးသူ ၂၁ ဦးထက်မနည်းရှိ

January 9, 2017

ထိုင်းတောင်ပိုင်း ရေကြီးရေလျှံမှုအတွင်း သေဆုံးသူ ၂၁ ဦးထက်မနည်းရှိ

ထိုင်းတောင်ပိုင်းပြည်နယ်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းလို့ ရေကြီးရေလျှံမှုတွေအတွင်း သေဆုံးသူ ၂၁ ဦးထက်မနည်း ရှိလာခဲ့ပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ နှစ်သစ်ကူးနေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းလာခဲ့တာကြောင့် ဒေသခံ ၁ သိန်းကျော် ရေဘေးကြုံတွေ့နေရပြီး ကျေးရွာအများအပြားလည်း ရေနစ်မြုပ်နေပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့အထိ တောင်ပိုင်းပြည်နယ် ၁၄ ပြည်နယ်မှာ ၁၀ ပြည်နယ်မှာ ရေလွှမ်းမိုးနေတာပါ။ လေကြောင်းခရီးစဉ်တွေ အပါအဝင် ရထား၊ ကား သယ်ယူပို့ဆောင်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်ဆိုင်းနေတာပါ။ အခုနှစ် ဆောင်းရာသီမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တဲ့အတွက် ထိုင်းတောင်ပိုင်း အဝေးပြေးလမ်းမကြီး နေရာ ၂၀၀ ကျော်မှာ အဆိုးဆုံးအခြေအနေဖြစ်ပြီး တံတား ၆၀ လောက် ပျက်စီးတယ်လို့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ လေယာဉ်ခရီးစဉ်တွေလည်း ထိခိုက်ခဲ့တဲ့အတွက် ကမ္ဘာလှည့်ခရီးသွားဒေသတွေကို သွားရောက်တဲ့ လေယာဉ်ခရီးစဉ်တွေ အများအပြားလည်း နှောင့်နှေးခဲ့တာပါ။ နာကွန် စီ ထန်မာရက် (Nakhon Si Thammarat) ခရိုင် လေဆိပ်မှာလည်း ရေမကျသေးလို့ ဆက်လက်ပိတ်ထားပါတယ်။ လာမယ့်ရက်တွေမှာလည်း မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပြီး ဒေသခံတွေနဲ့ ထိုင်းတောင်ပိုင်းပြည်နယ်တွေကို သွားရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ရေကြီးရေလျှံမှု၊ မြေပြို တောင်ပြိုမှုတွေကို သတိထားသွားရောက်ဖို့လည်း ဒေသခံအာဏာပိုင်တွေက သတိပေးထားပါတယ်။
5 years Ago
Up