ထိုင်းတောင်ပိုင်း ကော့စမွေကျွန်းစုတွင် ရေကြီး၊ သေဆုံးသူ ၁၄ ဦးရှိ

December 6, 2016

ထိုင်းတောင်ပိုင်း ကော့စမွေကျွန်းစုတွင် ရေကြီး၊ သေဆုံးသူ ၁၄ ဦးရှိ

ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ကျော်ကြားတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ကော့စမွေ ကျွန်းစုတွေဆီမှာ ရေကြီးလို့ သေဆုံးသူ ၁၄ ဦးရှိပြီလို့ အာဏာပိုင်တွေက ဒီနေ့မှာ ပြောပါတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းပင်လယ်ကွေ့ထဲက စမွေနဲ့ ဖန်ငန်ကျွန်းတွေ အပါအဝင် ထိုင်းနိုင်ငံတောင်ပိုင်း အစိတ်အပိုင်းတွေမှာ မိုးကြီးခဲ့တာပါ။ စမွေကျွန်းရဲ့ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က နွန်ယောင် ကျိရန်ဒွန်က ခါတိုင်းထက် မိုးသည်းခဲ့လို့ ရေဆိုးထုတ်စနစ်ပါ ပြဿနာဖြစ်ခဲ့တယ်၊ ရေကူးဖို့ကတော့ မေးစရာကိုမဟုတ်ဘူးလို့ ပြောပါတယ်။ နိုင်ငံတောင်ပိုင်းက မတူတဲ့ အစိတ်အပိုင်းတွေမှာ မတော်တဆမှုအမျိုးမျိုး ဖြစ်ခဲ့လို့ ထိုင်းနိုင်ငံသား ၁၄ ဦး သေဆုံးတယ်လို့ အမျိုးသား ကပ်ဘေးသတိပေးဌာနက ပြောပါတယ်။ ရေကြီးမှုကြောင့် ထိုင်းတောင်ပိုင်းကိုသွားတဲ့ ရထားတွေလည်း နခွန်စီ သမရတ်ခရိုင် သောင်းဆွန်ဂ်မြို့မှာ ရပ်ထားရပါတယ်။ ခရိုင်တွင်း ကျန်ခဲ့တဲ့ ၇ ရက်အတွင်း မိုးရေချိန် ၄၄ ဒသမ ၇ စင်တီမီတာ ရွာခဲ့တာပါ။ ပျမ်းမျှမိုးရေချိန်က ၃၈ စင်တီမီတာသာ ရှိတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာဟာ ခြောက်သွေ့ရာသီ အစပိုင်းဖြစ်လို့ ကမ္ဘာတလွှားက ခရီးသည်တွေဟာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်တွေအတွက် ကမ်းခြေတွေဆီ လာလေ့ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၁၀ ရာခိုင်နှုန်းရှိပြီး ဒီနှစ်မှာ ခရီးသည် ၃၂ ဒသမ ၄သန်း စံချိန်တင် လာရောက်ဖို့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၁ က ကျယ်ပြန့်တဲ့ ရေကြီးမှုကြောင့် လူအယောက် ၉၀၀ ကျော် သေဆုံးပြီး ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့လို့ စီးပွားတိုးနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်းထိ လျော့ကျခဲ့ဖူးပါတယ်။
5 years Ago
Up