ထိုင်းနိုင်ငံ တောင်ပိုင်းဒေသမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အတွင်း ပါဘက် အပူပိုင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ပင်လယ်နားနီး ခရိုင်ပေါင်း ၁၈ ခရိုင်က လူပေါင်း ၇ သိန်းနီးပါး ရေဘေးသင့်ခဲ့ပြီး ၃ ဦးသေဆုံးကာ ၁ ဦးပျောက်ဆုံးနေတယ်လို့ BrightTV သတင်းမှာ ဖော်ပြပါတယ်။
ပါဘက်မုန်တိုင်းကြောင့် ၃ ရက်အတွင်း ခရိုင်ပေါင်း ၁၈ ခုထဲက မြို့နယ်ပေါင်း ၉၀၊ ကျေးရွာအုပ်စုပေါင်း ၄၀၇ အုပ်စု၊ ရွာပေါင်း ၂၆၃၅ ရွာက အိမ်ထောင်စု ၂၁၂၇၈၄ စု လူပေါင်း ၆၉၆၁၈၉ ရေဘေးသင့်ခဲ့တယ်လို့ ထိုင်းနိုင်ငံ လုပ်သားပြည်သူ ဘေးအန္တရာယ်တားဆီး ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ နိုင်းချိုင်းဖွန်း ထိဒီးဆဒ်က ဇန်နဝါရီ ၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
မုန်တိုင်းဒဏ်သင့်တဲ့ထဲမှာ နခွန်းဆီထမရတ်ခရိုင်က မြို့နယ်ပေါင်း ၂၃ ခု ရေလွှမ်းကာ ပြည်သူပေါင်း ၅ သိန်းခန့် ရေဘေးသင့်ခဲ့တဲ့အတွက် အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မုန်တိုင်းကြောင့် နခွန်းဆီထမရတ်ခရိုင်က လူ ၂ ဦးနဲ့ ပတ္တနီခရိုင်က ၁ ဦး ပေါင်း ၃ ဦး သေဆုံးပြီး ပတ္တနီက ၁ ဦး ပျောက်ဆုံးနေကြောင်း၊ လောလောဆယ် ကယ်ဆယ်ရေးစခန်းပေါင်း ၈ ခုက လူပေါင်း ၁၁၁၉ ဦးမှာလည်း အိမ်ကိုပြန်လို့မရသေးဘူးလို့ နိုင်းချိုင်းဖွန်းက ဆက်ပြောပါတယ်။
Mthai သတင်းမှာတော့ ဇန်နဝါရီ ၆ ရက်နေ့ထိ ကောက်ယူရရှိတဲ့ သတင်းတွေအရ ခရိုင်ပေါင်း ၈ ခရိုင်က နေအိမ်အလုံးပေါင်း ၁၉၂၂ ပျက်ဆီးခဲ့ပြီး ဓာတ်မီးတိုင်တွေ၊ သစ်ပင်ကြီးတွေ လဲပြိုတာကြောင့် လမ်းကြောင်းများစွာ ပိတ်ဆို့ခဲ့ကြောင်း၊ ဒါ့အပြင် ရာဘာခြံ၊ ဆီအုန်းခြံ၊ ဒူးရင်းခြံနဲ့ ကျွဲကောသီးခြံတွေလည်း လေပြင်းတိုက်တာ၊ ရေနစ်တာကြောင့် ဧကများစွာ ဆုံးရှုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နိုင်းဆုခုမ်း ကန်ကျနဖိနိုင်းကလည်း မုန်တိုင်းကြောင့် နေရာပေါင်း ၂၉ နေရာက ဆေးရုံဆေးခန်းပေါင်း ၉၂ ခု ခေါင်မိုးလန်ခြင်း၊ မျက်နှာကျက်ပျက်စီးခြင်း၊ နံရံလဲပြိုခြင်းတွေ ခံခဲ့ရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းတောင်ပိုင်းတခုလုံး ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရဝစ် ဝုန်းဆုဝမ်းက လောလောဆယ်မှာ ဆုံးရှုံးမှုတန်ဖိုး ဘတ်သန်းပေါင်း ၅ ထောင်ကျော် ရှိတယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
လက်ရှိ မုန်တိုင်းအခြေအနေ ငြိမ်သက်သွားပြီဆိုပေမယ့် စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့၊ အုပ်ချုပ်ရေးရုံးနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရေတွေစုတ်ထုတ်တာ၊ ရေနုတ်မြောင်း ရှင်းလင်းတာ၊ လမ်းပန်းဆက်သွယ်ရေး ပြုပြင်တာတွေ ပြုလုပ်နေပြီး ရေဘေးရှောင်ပြည်သူများအတွက် သောက်ရေသန့်၊ အစားအစာနဲ့ အခြေခံလိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုက်လံဝေငှပေးနေတယ်လို့ Mthai သတင်းမှာ ဖော်ပြသွားပါတယ်။
2 years Ago