ထိုင်းတောင်ပိုင်း မြို့တော်ဝန် လူ ၂ ဦးသတ်ခိုင်းခဲ့မှုဖြင့် ဖမ်းဆီးခံရ

A d v e r t i s e m e n t With Us

November 8, 2016

ထိုင်းတောင်ပိုင်း မြို့တော်ဝန် လူ ၂ ဦးသတ်ခိုင်းခဲ့မှုဖြင့် ဖမ်းဆီးခံရ

လမ်းဆောက်လုပ်သူ ကန်ထရိုက်တာနဲ့ သူ့ရဲ့အမျိုးသမီးမိတ်ဆွေကို သတ်ဖြတ်ဖို့ ခိုင်းစေမှု သံသယနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း၊ နော့ပ်ဖီသမ်ခရိုင်၊ တမ်ဘုန်နရန်(င်)မြို့ရဲ့ မြို့တော်ဝန် ဂျရင်ရက်က်စနစ်တ်ကို နိုဝင်ဘာ ၇ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ လမ်းဆောက်လုပ်ရေးအတွက် ကုန်ကျမယ့် ထိုင်းဘတ်ငွေ ၂ ဒသမ ၄ သန်းကိစ္စနဲ့ အချင်းများရာက သတ်ဖြတ်ဖို့ စီစဉ်ခိုင်းစေမှု သံသယရှိတာကြောင့် အသက် ၅၂ နှစ်အရွယ် မြို့တော်ဝန်ကို ပူးပေါင်းသတ်ဖြတ်မှု သံသယရှိသူ ၃ ဦးနဲ့အတူ ဖမ်းဆီးလိုက်တာပါ။ သတ်ဖြတ်ခံရသူ ၂ ဦးကတော့ လမ်းဆောက်လုပ်ရေး ကန်ထရိုက်တာ ပန်န်ရာကွေချမ်ရက်စ် (၄၂ နှစ်) နဲ့ သူ့ရဲ့ အမျိုးသမီးမိတ်ဆွေ ဆုမ်ဆန်န်သက်ဖ်သွန်(င်) (၄၆ နှစ်) တို့ဖြစ်တယ်လို့ ရဲကပြောပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့က သာဆာလခရိုင် နက်ခွန်စီသမ်မရက်တ်မြို့၊ တမ်ဘုန်ဒွန်တက်ကို၊ အူတက်ပအိုဒွန်တက်ကိုလမ်းပေါ်မှာ သေနတ်သမားတွေက ကားပေါ်ကနေ ပစ်ခတ်သွားကြလို့  ကန်ထရိုက်တာနဲ့ သူ့ရဲ့ အမျိုးသမီးမိတ်ဆွေတို့ သေဆုံးခဲ့ရတာပါ။ ဒီအမှုကို ရဲတွေက စုံစမ်းစစ်ဆေးပြီး သံသယဖြစ်ဖွယ် သေနတ်သမား ၂ ဦးကို ဖမ်းဆီးခဲ့ပြီး သူတို့ ၂ ဦးက ဒီလူသတ်မှုကို မြို့တော်ဝန်က စီစဉ်ခိုင်းစေခဲ့တာလို့ ဆိုတဲ့အတွက် မြို့တော်ဝန်မစ္စတာဂျရင်နဲ့ သူ့ရဲ့အမျိုးသမီးမိတ်ဆွေ ပွန်တစ်ပ်တို့ကို ဖမ်းဆီးလိုက်တာပါ။ မြို့တော်ဝန်ဟာ ပစ်ကပ်ကားမောင်းပြီး သေနတ်သမား ၂ ဦးကို ခေါ်ဆောင်ကာ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ စုံစမ်းရေးအရာရှိတွေက စွပ်စွဲပြီး တရားစွဲဆိုလိုက်တာပါ။ မြို့တော်ဝန်ရဲ့ အမျိုးသမီးမိတ်ဆွေလည်း အဲဒီပစ်ကပ်ကားပေါ်မှာ အတူပါခဲ့ပုံရတယ်လို့ ရဲတွေက ပြောပါတယ်။ သံသယရှိသူတွေထံကနေ ရာဇဝတ်မှုကျူးလွန်စဉ် သုံးခဲ့တယ်လို့ ယူဆရတဲ့ ပစ်ကပ်ထရပ်ကားနဲ့အတူ M-16 ရိုင်ဖယ်သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ မြို့တော်ဝန် မစ္စတာဂျရင်ကတော့ စွဲဆိုထားတဲ့ အမှုအားလုံးကို ငြင်းဆန်လိုက်ပြီး အခြားသံသယရှိသူတွေကတာ့ အမှုကျူးလွန်ကြောင်း ဝန်ခံထားတယ်လို့ ရဲတွေက ဆိုပါတယ်။ နက်ခွန်စီသမ်မာရက် ရဲချုပ်က မြို့တော်ဝန်ကို တရားစွဲဖို့အတွက် သူတို့မှာ ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိတယ်လို့လည်း ပြောပါတယ်။ ရဲတွေက သေနတ်သမား ၂ ဦးဟာ ပစ်ကပ်ကားရဲ့ နောက်ခန်းမှာထိုင်ပြီး သေဆုံးသူ ကန်ထရိုက်တာနဲ့ သူ့ရဲ့အမျိုးသမီးကို ရိုင်ဖယ်သေနတ်နဲ့ အချက် ၃၀ ကျော် ပစ်သတ်ခဲ့တာလို့ စွပ်စွဲထားတာပါ။ နိုဝင်ဘာ ၇ ရက်နေ့မှာတော့ ရဲတွေက ပစ်ခတ်ခဲ့သူ ၂ ဦးဖြစ်တဲ့ ပရာချုရက်ပ်နဲ့ အနီရက်တ်တို့ ၂ ဦးကို အခင်းဖြစ်ပွားတဲ့နေရာ ခေါ်ဆောင်သွားခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ပုံတွေကို ပြန်လည်သရုပ်ပြခိုင်းခဲ့ပါတယ်။
4 years Ago
Up