ထိုင်းဘုရင်ကြီး ဘူမိဘော နတ်ရွာစံပြီးနောက် လစ်လပ်နေတဲ့ထီးနန်းကို သားတော် အိမ်ရှေ့မင်းသား မဟာဝိဇယလောင်ကွန်းကို လွှဲအပ်မယ့် အစီအစဉ်တွေကို စတင်လိုက်ပါပြီ။
ထိုင်းအစိုးရအဖွဲ့က ဘုရင်အသစ်ကို အသိအမှတ်ပြုလိုက်ပြီလို့ ကာကွယ်ရေးဝန်ကြီး ပရာဝတ် ဝေါင်စူဝန်က ပြောပါတယ်။
ထိုင်းဥပဒေပြုလွှတ်တော်ကလည်း ထုံးတမ်းအစဉ်အလာအတိုင်း နန်းတက်မယ့်ဘုရင်ကို ဖိတ်ခေါ်တင်မြှောက်မယ်လို့ ကြေညာပါတယ်။
ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်ဖြစ်တဲ့ ဘူမိဘောဟာ သက်တော် ၈၈ နှစ်မှာ နတ်ရွာစံကြောင်း ထိုင်းအစိုးရက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။
နိုင်ငံရေးအကွဲအပြဲတွေရှိတဲ့ ထိုင်းနိုင်ငံမှာ ဘုရင်ဘူမိဘောဟာ စည်းလုံးခြင်းသင်္ကေတအဖြစ် ရှုမြင်ခံရပါတယ်။
နိုင်ငံရေးအရ ကသောင်းကနင်းဖြစ်မှုတွေကိုလည်း ထိန်းကြောင်းတည့်မတ်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။
သူ့ရဲ့ နန်းသက် နှစ် ၇၀ အတွင်းမှာ ထိုင်းနိုင်ငံဟာ အမြန်ဖွံ့ဖြိုးတိုးတက်ခဲ့တာပါ။
ဒါကြောင့် ထိုင်းနိုင်ငံသားအများစုက ထိုင်းမင်းဆက်တွေထဲမှာ တခြားဘုရင်တွေထက် နက်ရွာစံဘုရင်ကြီး ဘူမိဘောကို ပိုအလေးထား ချစ်မြတ်နိုးကြပါတယ်။
ဘုရင်ကြီး နတ်ရွာစံပြီးတဲ့နောက်မှာ အိမ်ရှေ့စံမင်းသားက အများပြည်သူတွေနဲ့အတူ ၀မ်းနည်းပူဆွေးဖို့ အချိန်လိုအပ်တဲ့အတွက် ထီးနန်းဆက်ခံတဲ့ကိစ္စကို ရွှေ့ဆိုင်းထားဖို့ မေတ္တာရပ်ခံခဲ့တာကြောင့် ထိုင်းပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။
ကြားကာလမှာ ဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌက ထီးနန်းကို ယာယီထိန်းသိမ်းခဲ့ပြီး အခုတော့ အိမ်ရှေ့စံကို ထီးနန်းလွှဲအပ်လိုက်ပြီဖြစ်လို့ ၂ လကြာ ထီးမွေနန်းမွေကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ တခန်းရပ်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
6 years Ago