ထိုင်းအာဏာပိုင်

January 8, 2019

ထွက်ပြေးလာသည့် ဆော်ဒီမိန်းကလေးကိစ္စ UNHCR ကိုယ်စားလှယ်နှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေး

ကူဝိတ်နိုင်ငံမှာရှိနေတဲ့ မိသားစုဆီကနေ ထွက်ပြေးလားတဲ့ ဆော်ဒီအာရေဗျနိုင်ငံသူ ဆယ်ကျော်သက် မိန်းကလေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကိုယ်စားလှယ်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ အသက် ၁၈ နှစ်အရွယ် မိန်းကလေး ရာဟက်ဖ် မိုဟမ်မဒ် အယ်လ်ကူနန်ကို မူရင်းနိုင်ငံဆီ နှင်မထုတ်ရေး UNHCR နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေးခဲ့တယ်လို့ အရာရှိတယောက်က ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။ ဆွေးနွေးပွဲအပြီးမှာ မိန်းကလေးကို ထိုင်းနိုင်ငံကနေ နှင်ထုတ်တော့မှာ မဟုတ်ဘူးလို့ ထိုင်း လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ဆူရာချာတေ ဟက်ခ်ပန်းက ပြောပါတယ်။ ဒုက္ခသည်လုပ်ငန်းစဉ်အတွက် ကူနန်ရဲ့ တောင်းဆိုချက်ကို UNHCR က လုပ်ပေးမယ်လို့ သူက ပြောပါတယ်။ "ဒီနေ့မှာ ကျနော်တို့ဟာ လူဝင်မှုကိစ္စတွေကို ပိုတင်းကျပ်နေတယ်၊ ထိုင်းနိုင်ငံဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ဟန်ဆောင်ထားတဲ့ ရုပ်ဖျက်ထားတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်သားတွေနဲ့ လူတွေ သန်း ၄၀ နီးပါးကို လက်ခံနေရတယ်၊ ဒါကြောင့် ရာဇဝတ်သားတွေကို ဟန့်တားဖို့ လိုတယ်" လို့ ထိုင်း လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ဒုရဲမှူးကြီး ဆူရာချတ်တေ ဟတ်ပန်းက ပြောပါတယ်။ သူ့လုပ်ငန်းစဉ် မပြီးမချင်း အန္တရာယ်ကျနိုင်တဲ့ ဘယ်နိုင်ငံဆီကိုမှ ကူနန်ကို နှင်မထုတ်ဘူးလို့ ထိုင်းအစိုးရက အာမခံထားတယ်လို့ UNHCR ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျိုးဇက်ပေ ဒေ ဗင်ချန်းတေးစ်က ပြောပါတယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက တနင်္လာနေ့မှာ ကူနန်ကို ကူဝိတ်နိုင်ငံဆီ ပြန်ပို့ဖို့ စီစဉ်ပြီးသားဖြစ်ပေမယ့် ကူနန်က သူ့ကိုကူညီဖို့ အင်တာနက်ပေါ်ကနေ မေတ္တာရပ်ခံခဲ့လို့ နိုင်ငံတကာက အာရုံစိုက်တာ ခံခဲ့ရပါတယ်။ ကူနန်က သူဟာ သူ့မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်မှုကနေ ထွက်ပြေးလာပြီး အိမ်ပြန်ခဲ့ရင် သူတို့က သတ်မှာ ကြောက်တယ်လို့ ပြောပါတယ်။ မိသားစုနဲ့ ကူဝိတ်ကို အလည်ရောက်နေတုန်း ထွက်ပြေးခဲ့တယ်၊ ထိုင်းကနေတဆင့် သြစတြေးလျနိုင်ငံကို သွားပြီး ခိုလှုံခွင့်တောင်းဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။
2 years Ago
Up