ထိုင်းအမျိုးသား

April 9, 2019

ဂျာမန် ကမ္ဘာလှည့်ခရီးသည်ကို အဓမ္မပြုကျင့် သတ်ဖြတ်မှု သံသယဖြင့် ထိုင်းအမျိုးသားအား ဖမ်းဆီး

ထိုင်းပင်လယ်ကွေ့အတွင်း ကော့စီချန်းကျွန်းပေါ်မှာ ဂျာမန် ကမ္ဘာလှည့်ခရီးသည်တဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုနဲ့ သံသယရှိတဲ့ အမျိုးသားတဦးကို ထိုင်းရဲတွေက ဖမ်းလိုက်ပါတယ်။ သေဆုံးသူ ဂျာမန်နိုင်ငံသူဟာ သူငှားထားတဲ့ မော်တော်ဆိုင်ကယ်နဲ့ ခရီးသွားနေတုန်း ကျွန်းသား ရွန်နာခွန် ရွန်ရုအန်က ချဉ်းကပ် တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ထိုင်းရဲက ပြောပါတယ်။ လုံခြုံရေး ကင်မရာတွေက ပုံရိပ်တွေကနေ တဆင့် ရွန်နာခွန်ကို ခြေရာခံခဲ့ပြီး ဧပြီ ၈ ရက်မှာ သူ့ကို ဖမ်းမိခဲ့တာပါ။ သံသယရှိသူဟာ အမှိုက်ကောက်တဲ့ လှေတစီးနဲ့ အလုပ်လုပ်သူပါ။ သူက ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး မကျူးလွန်ခင်က မူးယစ်ဆေး သုံးထားခဲ့တယ်လို့လည်း ပြောပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျာမန်ခရီးသည်ရဲ့ အလောင်းကို ကျွန်းပေါ်က သစ်ရွက်ပုံတပုံအောက် ကျောက်တုံးတွေကြားမှာ ဝှက်ထားတာကို ဧပြီ ၇ ရက်က ရှာတွေ့ခဲ့တာပါ။ အလောင်းရဲ့ ခေါင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ အေပီသတင်းဌာနက ထုတ်ပြန်ပါတယ်။ ကော့စီချန်းကျွန်းဟာ ထိုင်းတွေရော နိုင်ငံခြားသားတွေပါ ကြိုက်ကြတဲ့ အပန်းဖြေ စခန်းသာကျွန်းဖြစ်ပြီး ကျွန်းပေါ်မှာ လူဦးရေ ငါးထောင်လောက်သာ နေကြပါတယ်။
2 years Ago

November 12, 2018

ဇနီးဖြစ်သူကို အက်ဆစ်ဖြင့် လောင်းသတ်ခဲ့သည့် ခင်ပွန်းအား ဖမ်းဆီး

ထိုင်းနိုင်ငံမှာ ဇနီးဖြစ်သူရဲ့ ပါးစပ်နဲ့ မျက်နှာကို အက်ဆစ်နဲ့လောင်းကာ သတ်ခဲ့တဲ့ ခင်ပွန်း အမျိုးသားကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အသက် ၅၀ အရွယ် ခမ်တန်ဆင်းဟန်နတ် အမည်ရတဲ့ အဲဒီအမျိုးသားကို နခွန်ဆဝမ်ခရိုင်ထဲက သူ့ရဲ့သူငယ်ချင်းဖြစ်သူ နေအိမ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့က ဖမ်းမိခဲ့တာဖြစ်ပြီး သာခမ်းရဲစခန်းမှာ စစ်ဆေးနေတာပါ။ သူဟာ အသက် ၃၈ နှစ်အရွယ် ခိုလာဒါ တာရာဝမ် အမည်ရတဲ့ သေဆုံးသူ အမျိုးသမီးနဲ့ သိပ်မကြာခင်ကမှ လက်ထပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ သူနဲ့ ဇနီးဖြစ်သူကြား ကတောက်ကဆ ဖြစ်ခဲ့ပြီး ဇနီးဖြစ်သူအပေါ် သဝန်တိုစိတ်နဲ့ ပါးစပ်ထဲ အက်ဆစ်လောင်းကာ မျက်နှာကိုလည်း အက်ဆစ်နဲ့ ပက်ခဲ့တာလို့ ဆိုပါတယ်။ အမျိုးသမီးရဲ့ ၁၂ နှစ်အရွယ် သမီးဖြစ်သူဟာ အခင်းဖြစ်ပြီးပြီးချင်းမှာ မိခင်ကို အငှားကားနဲ့ တင်ဆောင်ပြီး ဘန်မော့ဒ်ဆေးရုံကို ပို့ခိုင်းခဲ့တာပါ။ ဒါပေမယ့် အမျိုးသမီးရဲ့ အခြေအနေဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်နေတာမို့ အငှားယာဉ်မောင်းက ပိုနီးတဲ့ ပရာရမ် ၂ ပုဂ္ဂလိကဆေးရုံကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူနာဖြစ်သူက လက်မခံဘဲ ဆေးဖိုးဝါးခ ပိုမိုသက်သာမယ့် ဘန်မော့ဒ်ဆေးရုံမှာ ကုသဖို့ ပြောတာမို့ စစ်ဆေးပြီး ဆေးရုံဝန်ထမ်းတွေက ဘန်မော့ဒ်ဆေးရုံကို ကားနဲ့ ပြန်ပို့ပေးခဲ့ချိန် လမ်းခုလတ်မှာတင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ စိတ်ဆိုးဒေါသထွက်နေကြတဲ့ သေဆုံးသူ အမျိုးသမီးရဲ့ ဆွေမျိုးတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေတဦးဖြစ်တဲ့ အက်ရှ်ရီယာ ရူအန်ဂရာတနာဖောင်တို့ဟာ ပရာရမ် ၂ ပုဂ္ဂလိကဆေးရုံကို ရောက်လာခဲ့ကြပြီး ခုလိုပြုမူခဲ့တဲ့အပေါ် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ကတော့ ကာယကံရှင်လူနာဟာ ဆေးဖိုးဝါးခ သက်သာလိုတဲ့အတွက် မကုသချင်တာကတပိုင်း၊ ကနဦးစစ်ဆေးမှု ပြုလုပ်ချိန်မှာ သူ့ရဲ့အခြေအနေက သိပ်စိုးရိမ်စရာ မရှိတာမို့ သူနာပြုတဦးက ဘတ် ၄၀ အငှားကားခပေးပြီး ခုလို လွှဲပေးခဲ့တာလို့ ပြောပါတယ်။ လက်ရှိမှာတော့ ထိုင်းအစိုးရ ကျန်းမာရေးဝန်ဆောင်မှုပေးရေးဌာနက သေဆုံးသူ အမျိုးသမီးအပေါ် ဆေးကုသမှုပေးခဲ့တဲ့ ပရာရမ် ၂ ဆေးရုံကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
2 years Ago
Up