ထိုင်းသင်္ကြန်

April 18, 2019

ထိုင်းသင်္ကြန်ကာလတွင်း မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးသူ ၃၄၈ ဦးရှိ

ထိုင်းသင်္ကြန်ရေသဘင်ပွဲ ၆ ရက်တာ ကာလအတွင်း ယာဉ်မတော်တဆ ထိခိုက်မှုပေါင်း ၃၀၆၈ ကြိမ်ဖြစ်ပွားကာ သေဆုံးသူ ၃၄၈ ဦးရှိတယ်လို့ ထိုင်းနိုင်ငံ သင်္ကြန်ကာလ အများပြည်သူဘေးကင်းရေးနဲ့ မတော်တဆ ထိခိုက်မှု လျော့ပါးရေး ကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။ ထိုင်းသင်္ကြန်ကာလ ယာဉ်မတော်တဆ ထိခိုက်မှု အန္တရာယ် သတိထားရမယ့်ကာလကို ဧပြီ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ သတ်မှတ်ထားတာဖြစ်ပြီး ၆ ရက်တာ ကာလတွင်း ထိခိုက်ဒဏ်ရာရသူပေါင်းမှာလည်း ၃၁၇၆ ဦးရှိတယ်လို့ ဆိုပါတယ်။ မတော်တဆမှုကြောင့် သေဆုံးသူ အများဆုံး ၅ ခရိုင်မှာ တရန်း၊ ဖန်ငါး၊ မယ်ဟောင်ဆောင်၊ ဆုခိုထိုင်းနဲ့ အန်ထောင်းတို့ဖြစ်ပြီး ယာဉ်တိုက်မှု အများဆုံးကတော့ ချင်းမိုင်ခရိုင် (၁၁၉ ကြိမ်) နဲ့ သေဆုံးသူ အများဆုံးကတော့ နခွန်းဆီထမရတ်ခရိုင် (၁၂၆ ဦး) ဖြစ်ပါတယ်။ အဲဒီ မတော်တဆထိခိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေမှာ ၃၀ ဒသမ ၂၅ ရာခိုင်နှုန်းက သတ်မှတ်ထားတဲ့ အရှိန်ထက် ယာဉ်အမြန်နှုန်း ပိုမောင်းတာ၊ ၂၇ ဒသမ ၇၉ က မူးယစ်တာကြောင့်ဖြစ်ပြီး ထိခိုက်တဲ့ ယာဉ်အမျိုးအစားမှာ မော်တော်ဆိုင်ကယ်က ၇၈ ဒသမ ၈၄ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ ထိုင်း မတော်တဆထိခိုက်မှု လျော့ပါးရေး ကော်မတီက ထုတ်ပြန်ပါတယ်။
3 years Ago

April 3, 2019

ထိုင်းသင်္ကြန်တွင်း ရှောင်ရန်အချက်များ ထုတ်ပြန်

ထိုင်းနိုင်ငံရဲ့ သင်္ကြန်ရေသဘင်ပွဲတော်ကို ၂၀၁၉ ခုနှစ် ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်နေ့ထိ လေးရက်တာ သတ်မှတ်ထားပါတယ်။ အဲဒီ သင်္ကြန်ရေသဘင်ပွဲကာလ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ရာဇဝတ်မှု ပပျောက်ရေးနဲ့ လုံခြုံရေးအတွက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့က မနေ့က အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ လုံခြုံရေးကိစ္စ အထူးသဖြင့် ဘန်ကောက် ခေါက်ဆန်လမ်း၊ အာရ်စီအေ စတဲ့နေရာ၊ ခွန်ကဲန်မြို့ ခေါက်နိုလမ်း၊ ချင်းမိုင်နဲ့ ဟတ်ယိုင်မြို့တွေမှာ နိုင်ငံခြားသားတွေ အများဆုံး ရေကစားလေ့ရှိတဲ့အတွက် လုံခြုံရေး အထူးကြပ်မတ်ဖို့ ဆွေးနွေးခဲ့ကြောင်း ဒုရဲချုပ် ချလိုမ်ကစ် ဆီဝရခန်က သတင်းထောက်တွေကို ပြောပါတယ်။ ရေသဘင်ပွဲတွင်း ကန့်သတ်ချက်၊ ရှောင်ရန်အချက်တွေကတော့ အရင်နှစ်တွေကလိုပဲ သိပ်ပြောင်းလဲမှုမရှိကြောင်း၊ အရှိန်ပြင်းပြီး အမြင့်ကို ထောင်ပက်တဲ့ ရေပိုက်သေနတ် အသုံးမပြုဖို့၊ မသန့်ရှင်းတဲ့ရေ၊ ရေခဲတုံးတွေနဲ့ မပက်ဖို့၊ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့အထိ ပေါင်ဒါနဲ့ ဆိုးဆေးတွေ သုတ်လိမ်းခြင်းမပြုဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကို အရက်သေစာ ရောင်းချခြင်း မပြုဖို့၊ ကားပေါ်မှာ အရက်သေစာ မသောက်ဖို့၊ မူးယစ်သောက်စားပြီး ယာဉ်မောင်းခြင်းမပြုဖို့၊ ဒီအချက်ကတော့ သင်္ကြန်တွင်းမှ မဟုတ်ဘဲ ဥပဒေက အမြဲကန့်သတ်ထားပြီးသားလို့ ဒုရဲချုပ်က ပြောပါတယ်။ ရေကစားသူတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို အားပေးတဲ့ ခန္ဓာကိုယ် ကျပ်ထုပ်နေအောင် ဝတ်စားဆင်ယင်တာ၊ အတိုအပြတ် မလုံမခြုံ ဝတ်ဆင်တာတွေ ရှောင်ရှားဖို့လည်း ပါဝင်ပါတယ်။ ဟိုင်းလပ်စ်ကား နောက်ခန်းကနေ လိုက်ပါရေကစားနိုင်ပေမယ့် ဘေးအန္တရာယ်ကို သတိထားရမယ်လို့ ဒုရဲချုပ်က ဖြည့်စွက် ပြောကြားပါတယ်။
3 years Ago
More News
Up