ထိုင်းရဲ ပြန်ဖော် (ရုပ်သံ)

June 3, 2017

ကိုရင်တပါးအားသတ်ဖြတ်ပြီး ဘုရားစင်အောက်တွင် မြှုပ်နှံထားမှု ထိုင်းရဲ ပြန်ဖော် (ရုပ်သံ)

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်မြို့ရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ ကိုရင်တပါးကို သတ်ဖြတ်ပြီး ဘုရားစင်အောက်မှာ မြှုပ်နှံထားတယ်လို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။ ထာ့ဝမ်းရပ်ကွက် တ၀မ်းတုတ်ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ အသက် ၁၇ နှစ်ရွယ် ပလိုမ့် အမည်ရှိ ကိုရင်တစ်ပါးဟာ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ပျောက်ဆုံးနေပြီး ဆွေမျိုးတွေက ရဲစခန်းမှာ လာရောက်တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးပြီးနောက် သူ့ရဲ့အလောင်းကို ဇွန်လ ၁ ရက်နေ့က ကျောင်းဝင်းထဲရှိ ဘုရားဆင်းတုတော်တစ်ဆူအောက်မှာ တွေ့ရှိခဲ့တာပါ။ အဆိုပါ ဘုရားဆင်းထုတော်မှာ ဇရပ်တဆောင်ရှေ့မှာတည်ရှိပြီး  တာဝန်ရှိသူတွေက မြေတူးစက်တွေနဲ့ တူးဖော်ကြည့်ရာမှာ အပေါ်က အင်္ဂတေ နှစ်ထပ်ခင်းထားပြီး အဲဒီေ အာက်က အနက်   ၁ မီတာခွဲမှာ အလောင်းကို မြှုပ်နှံထားတာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက ဦးဇင်းတစ်ပါး၊ ကိုရင် ၂ ပါးနဲ့ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၅ ဦးတို့ကို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ဆုံး ဦးဇင်း နိုင်းဒဲန်ချိုင်း ဖုန်းနိယုံး (၃၆ နှစ်) က လူသတ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ သူနဲ့အတူ အသက် ၁၈ နှစ်ရှိ ဆုရိယာ ကုဆွန်ဆုခ်ဆိုသူ လူရွယ်တဦးနဲ့ အသက် ၄၀ ရှိ ပီယချတ် အနုဆကွန်းဆိုတဲ့ အမျိုးသမီးတဦးကိုပါ လူသတ်မှုမှာ ပူးပေါင်းကြံစည်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ ရဲက အမှုဖွင့်အရေးယူထားပါတယ်။   တရားခံတွေကို စစ်ဆေးချက်အရ  ပြီးခဲ့တဲ့ ဇန်န၀ါရီလက ကျောင်းတိုက်မှာ ဘတ်ငွေ ၅ သောင်း နဲ့  ရွှေဆွဲကြိုး ပျောက်ဆုံးမှုရှိခဲ့ပြီး သေဆုံးသူကိုရင်ကို မသင်္ကာလို့ ရိုက်နှက်စစ်ဆေးမှုတွေ လုပ်ခဲ့ကြောင်း၊ လက်လွန်ပြီး သတိမေ့မျောသွားတော့ တခြားကျောင်းတိုက်တခုကို ပြောင်းရွှေ့စဉ် ကားပေါ်မှာပဲ သေဆုံးသွားတာလို့ ဆိုပါတယ်။ ကိုရင်သေဆုံးမှုမှာ ပြစ်ဒဏ်ပေးအရေးယူခံရမှာစိုးတဲ့အတွက် လက်ရှိကျောင်း တိုက်ပြုပြင်မွမ်းမံဆောက်လုပ်နေတဲ့ကြားက ဇရပ်ရှေ့မှာ မြှုပ်နှံပြီး လူတွေမရိပ်မိအောင် ဘုရားဆင်းတုတော်တဆူပါ တည်ထားလိုက်တာလို့ နိုင်းဒဲန်ချိုင်းက ၀န်ခံပြောဆိုသွားပါတယ်။ နိုင်းဒဲန်ချိုင်းမှာ လူသတ်မှုကျူးလွန်စဉ်က ကျောင်းဝေယျာဝစ္စဘက်က အရပ်သားတစ်ဦးသာဖြစ်ပြီး လူသတ်ပြီးတဲ့နောက်မှ ဘုန်းကြီးဝတ်ကာ အဲဒီကျောင်းတိုက်မှာပဲ ဟန်မပျက်နေထိုင်ခဲ့တာလို့ ဆိုပါတယ်။ အဆိုပါကျောင်းဝင်းမှာ ကျယ်ပြန့်တဲ့အတွက် ယာဉ်ရပ်နားရာနေရာပါ လုပ်ထားကြောင်း၊ တနေ့ကို ကားအစီးရေ တစ်ရာကျော် လာရောက်ရပ်နားကာ ယာဉ်ရပ်နားခအဖြစ် တစ်စီးကို ဘတ် ၃၀ ကျောင်းရန်ပုံငွေအဖြစ်ကောက်ခံကြောင်း  သတင်းမှာ ဖော်ပြသွားပါတယ်။
4 years Ago
Up