ထိုင်းရဲကြိုးပမ်း

January 21, 2018

ပြည့်တန်ဆာရုံပိုင်ရှင်နှင့်ဇနီးကို ဖမ်းဆီးရေး ဝရမ်းထုတ်ပြန်ရန် ထိုင်းရဲကြိုးပမ်း

ဗစ်တိုးရီးယားစီးကရက် အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာရုံ ပိုင်ရှင် ကမ်ပိုလ်ဝီရာထက်ပ်စုပွန်ကို ဖမ်းဖို့ ဇန်နဝါရီ ၁၉ ရက်နေ့က ရဲတွေ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ ဝရမ်းထုတ်ပြန်ဖို့ တောင်းဆိုချက်က မစ္စနီပါလို့ လူသိများတဲ့ သူ့ဇနီးကိုပါ ဖမ်းနိုင်ဖို့လို့ ဆိုပါတယ်။ သူတို့ ၂ ဦးစလုံး လူကုန်ကူးမှုနဲ့ ပြည်တန်ဆာရုံဖွင့်မှု လုပ်ကိုင်တာမှာ သံသယရှိလို့ ရဲတွေက အလိုရှိနေတာဖြစ်ပြီး ၂ ဦးစလုံး အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ တပြိုင်နက်တည်းမှာပဲ ပြည့်တန်ဆာရုံ ဖွင့်သူတွေဆီက လာဘ်စားခဲ့တဲ့ နိုင်ငံတော် အာဏာပိုင်တွေကို စုံစမ်းဖို့ နိုင်ငံတော်လာဘ်စားမှု ဆန့်ကျင်ရေးဌာန (စီအန်အေစီ) က ဘုရင့်ထိုင်းရဲတပ်ဖွဲ့ (အာတီပီ) ကို တာဝန်ပေးခဲ့ပါတယ်။ ဟွိုင်ခဝန်ခရိုင် ရာမာ ၄ လမ်းပေါ်က အဆောက်အအုံကို ပြီးခဲ့တဲ့သောကြာနေ့က ရှောင်တခင်စစ်ဆေးချိန် မစ္စတာထက်ပ်စုပွန်တို့ စုံတွဲက အသက် ၁၈ နှစ်အောက် မိန်းကလေး ၈၀ လောက်ကို အဓမ္မလိင်လုပ်ငန်း လုပ်ခိုင်းပြီး တရားမဝင် ပြည့်တန်ဆာရုံ ဖွင့်တာ တွေ့ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရှောင်တခင်စစ်ဆေးပြီးနောက် အာဏာပိုင်တွေက ဆက်လက်စုံစမ်းရာမှာ အကြီးတန်းရဲအရာရှိတွေ အပါအဝင် အစိုးရအရာရှိ အယောက် ၂၀ ပါ ပြည့်တန်ဆာရုံမှာ ပါဝင်ပတ်သက်နေတာ တွေ့ခဲ့ရပါတယ်။ စုံစမ်းမှုကနေ လူကုန်ကူးတဲ့ ကွန်ရက်ကြီးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ လာဘ်စားမှုတိုက်ဖျက်ရေး ကော်မရှင် လူထုကဏ္ဍ (ပီအေစီစီ) က ကွန်ထစ်ပ်ဒါရော့က ပြောပါတယ်။ ပြည့်တန်ဆာရုံအမှုမှာ ပါဝင်တဲ့အာဏာပိုင်တွေက ဧည့်သည်စာရင်းမှာ သူတို့ရဲ့ နာမည်အပြည့်အစုံ မပါလို့ သံသယရှိတဲ့ အာဏာပိုင်တွေကိုသိဖို့ အချိန်ကြာလိမ့်မယ်လို့ ရဲအရာရှိကွန်ထစ်ပ်က ပြောပါတယ်။ “သူတို့ရဲ့ နာမည်ရင်းမဟုတ်ဘဲ ရင်းနှီးသူတွေ ခေါ်တဲ့အမည်တွေပဲ ပေးထားတော့ သူတို့ ဘယ်သူဆိုတာသိဖို့ ကော်မတီဖွဲ့ရတယ်၊ သူတို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ပိုသိဖို့ ဗစ်တိုးရီးယားစီးကရက်မှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေကို ကော်မတီက မေးရမယ်” လို့ ကွန်ထစ်ပ်က ပြောပါတယ်။ အထူးစုံစမ်းရေးအဖွဲ့ (ဒီအက်စ်အိုင်) က ဒီအပတ်အစောပိုင်းမှာ အမှုကို ရဲတွေဆီက လွှဲပြောင်းယူခဲ့ပြီး အနှိပ်ခန်းလုပ်ငန်းရဲ့ နောက်မှာ လူကုန်ကူးမှု လုပ်နေတဲ့ သက်သေတွေ တွေ့လို့ အမှုကို အထူးစုံစမ်းခဲ့ပါတယ်။ အနှိပ်ခန်းပိုင်ရှင်နဲ့ ဇနီးကို ဝရန်းထုတ်ဖို့ ကြိုးစားပေမယ့် ဘယ်သူဘယ်ဝါဆိုတာ သိဖို့ ခက်ခဲလို့ အမှုမှာ ပါဝင်ခဲ့တဲ့ အာဏာပိုင်တွေကိုတော့ ဖမ်းဝရမ်း မထုတ်ပြန်ရသေးဘူးလို့ နိုင်ငံတော်ရဲချုပ်က ပြောပါတယ်။ ယခင်နိုင်ငံရေးသမားနဲ့ သတင်းကြေညာသူဟောင်း ဖြစ်သူ မစ္စတာ ချုဗစ်ကာမိုဗီဆစ်ဆီက မစ္စတာကမ်ပိုလ်ဝီရာထက်ပ်စုပွန် ဒီလုပ်ငန်းကို ရခဲ့တာဖြစ်လို့ မစ္စတာချူဗစ်ကသာ အနှိပ်ခန်းရဲ့ တကယ့်ပိုင်ရှင်ဖြစ်တယ် သူက အနှိပ်ခန်းကို ထောင်ခဲ့တာလို့ မစ္စတာကမ်ပိုလ်ဝီရာထက်ပ်စုပွန် (သို့) စီရာကမ်ပိုလ်ဆီမှ ဒီအက်စ်အိုင်က သတင်းရရှိခဲ့ပါတယ်။ ဒီအက်စ်အိုင် အရာရှိတွေက အနှိပ်ခန်းကို ရှောင်တခင်ဝင်ရောက် စစ်ဆေးစဉ်အတွင်း စောင့်ကြည့်ကင်မရာ ရုပ်သံ၊ ငွေကြေးမပေးဘဲ လိင်ဖျော်ဖြေရေးဝန်ဆောင်မှု လက်ခံခဲ့ကြတဲ့ အာဏာပိုင်တွေအပါအဝင် ဧည့်သည်စာရင်းတွေ စတဲ့ အရေးပါတဲ့ သက်သေတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ ပြည့်တန်ဆာရုံ လုံခြုံရေးကင်မရာ ရုပ်ပုံတွေနဲ့ ရုံက မိန်းကလေးတွေကို တွေ့ဆုံမေးမြန်းမှုကနေ ဘယ်အာဏာပိုင်တွေ လိင်ဝန်ဆောင်မှု အခမဲ့ လက်ခံသလဲဆိုတာ သိနိုင်မှာဖြစ်တယ်လို့ ဒီအက်စ်အိုင်က ပြောလိုက်ပြီး လိင်ရုံက ကယ်တင်ခဲ့တဲ့ အသက်မပြည့်တဲ့ မိန်းကလေးတွေကို ဘန်ကောက် မိသားစုနဲ့ ကလေးများဂေဟာမှာ စောင့်ရှောက်ထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

April 30, 2017

ဘတ်သန်း ၄၀၀ ကျော်ဖိုး ထီအတုလုပ်သည့် အဓိကတရားခံကို ဖမ်းမိရေး ထိုင်းရဲကြိုးပမ်း

ထီအတုလုပ်ငန်း လိမ်လည်ကြံစည်မှုမှာ အဓိက တရားခံကို ဖမ်းဆီးဖို့အတွက် ဖမ်းဝရမ်းထုတ်ပြန်နိုင်ဖို့ ထိုင်းရဲတွေက သက်သေတွေ စုဆောင်းနေတယ်လို့ တိုင်းရာဇဝတ်မှု နှိမ်နင်းရေး (စီအက်စ်ဒီ) ရဲ့ အကြီးတန်း စုံစမ်းရေးမှူးက ဧပြီလ ၂၉ ရက်နေ့က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားထားပါတယ်။ လူဒါဇင်ပေါင်းများစွာဆီက ဘတ်ငွေသန်းပေါင်း ၄၀၀ ကျော် လိမ်လည်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ဆဝက်ဆန်ဘန်(င်) ပလာ အသက် ၇၉ နှစ်နဲ့အတူ နောက်ထပ်အခြားသူတွေပါ ဒီကြံစည်မှုထဲ ပါဝင်မယ်လို့ စီအက်စ်ဒီရဲ့ လက်ထောက် ရဲအရာရှိကြီး ချကရစ်ဆဝါဒီက ပြောပါတယ်။ ချူလောင်လောင်ကွန်း တက္ကသိုလ် ငွေစုဆောင်းရေး ကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ မစ္စတာဆဝက် ကို ခန့်မှန်းခြေ ဘတ်ငွေသန်းပေါင်း ၄၄၃ သန်း ဆုံးရှုံးမှုနဲ့အတူ ၇ နှစ်ကျော် ထီအတုလုပ်ငန်း လိမ်လည်ရန်ကြံစည် စီမံလုပ်ဆောင်မှုနဲ့ စွပ်စွဲထားတာပါ။ အဲဒီနောက် တိမ်းရှောင်နေတဲ့ အဓိကသံသယရှိသူ မစ္စတာဆဝက်ကို ရဲက ထပ်မံခြေရာခံတဲ့အခါ ပြီးခဲ့တဲ့အပတ်က အသက် ၃၂ နှစ်အရွယ် ပေါ့ချကွန်ခွန်မန်ဆိုတဲ့ အမျိုးသမီးကို ချင်းမိုင်မြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။ ငွေလွှဲလုပ်ငန်းနဲ့ဆက်စပ်ပြီး ဒီလိမ်လည်မှုရဲ့ ကြံစည်မှုထဲ ပါဝင်သူအနေနဲ့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဝရမ်းထုတ်ပြန်ဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို ပြောရန် ရဲအရာရှိကြီး ချကရစ်က ငြင်းဆန်လိုက်ပြီး အဓိကတရားခံဖြစ်သူ မစ္စတာဆဝက်က တိုင်းပြည်အတွင်းမှာပဲ ရှိနေဆဲလို့ အာဏာပိုင်တွေက ယုံကြည်ကြောင်း သူက ပြောခဲ့ပါတယ်။ ဖမ်းဆီးထားသူ မစ္စပေါ့ချကွန်ကို ငွေကြေးခဝါချမှုမှာ ပါဝင်မှု၊ ရာဇဝတ်မှုနဲ့ ဆက်စပ်တဲ့ ငွေကြေးကို လက်ခံလွှဲပြောင်းမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲထားပြီး ရဲက တရားရုံးကို အာမခံမပေးဖို့ ခိုင်းစေထားတယ်လို့ သိရပါတယ်။ မစ္စပေါ့ချကွန်ကလည်း အာမခံမတောင်းခဲ့တာကြောင့် သူမကို ဗဟိုအမျိုးသမီးထောင် ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
4 years Ago
Up