ထိုင်းရဲအရာရှိ

October 19, 2018

ကလေးပြည့်တန်ဆာဇာတ်သွင်း ခိုင်းစေခဲ့သည့် ရဲအရာရှိဟောင်း ထောင်ဒဏ် ၃၀၉ နှစ် ချမှတ်ခံရ

ထိုင်းနိုင်ငံမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို ပြည့်တန်ဆာဇာတ်သွင်း ခိုင်းစေခဲ့တဲ့အမှုမှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိဟောင်းတဦးကို ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံးက ထောင်ဒဏ် ၃၀၉ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သည်နေးရှင်းသတင်းမှာ အောက်တိုဘာ ၁၈ ရက်နေ့က ဖော်ပြပါတယ်။ ကင်းလှည့်ရဲအရာရှိဟောင်း တယောက်ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် ယူသချိုင် ထောင်ချာ့တ်ဟာ ဘန်ကောက်မြို့မြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်ထဲမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ အသက် ၁၈ နှစ်အောက် မိန်းကလေးတွေကို သိမ်းသွင်းပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေ ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ သူနဲ့အတူ ကြံရာပါ အမျိုးသမီး ၂ ဦးကိုလည်း ထောင်ဒဏ် ၁၈၃ နှစ်စီ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး နောက်ထပ်တဦးကိုတော့ ထောင်ဒဏ် ၆၅ နှစ် အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ရဲအရာရှိနဲ့ အပေါင်းပါတွေဟာ တန်ဘွန်ခရိုင်ထဲက ဟိုတယ်တခုထဲမှာ မိန်းကလေးတွေကို ပြည့်တန်ဆာအဖြစ် ခိုင်းစေရောင်းစားမှုတွေ ကျူးလွန်ခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက်မှာ ဘတ်ငွေ ၈ သိန်းခွဲစီ ကာယကံရှင်တွေကို လျော်ကြေးပေးဖို့ ကနဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ ဒီအမှုဟာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံခဲ့ရသူ မိန်းကလေးတဦးရဲ့ မိခင်ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတဦးက ရဲတွေကို တိုင်ကြားခဲ့ပြီးနောက်မှာ ကွင်းဆက်လိုက် ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up