ထိုင်းရဲချုပ်

August 25, 2015

ဘန်ကောက်ဗုံးခွဲမှု သံသယရှိသူ ထိုင်းနိုင်ငံအတွင်း ရှိနေဆဲဟု ထိုင်းရဲချုပ်ပြော

ပြီးခဲ့တဲ့တပတ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဧရာဝဏ်နတ်ကွန်းကို ဗုံးခွဲခဲ့သူလို့ သံသယရှိသူဟာ ထိုင်းနိုင်ငံထဲမှာပဲ ရှိနေဦးမယ်လို့ ထိုင်းရဲချုပ်က သြဂုတ် ၂၄ ရက်နေ့က ပြောဆိုပါတယ်။ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲတိုက်ခိုက်ခံရပြီး တပတ်ပြည့်ခဲ့တဲ့တိုင် ဘယ်သူက ဘယ်အတွက်ကြောင့် ဗုံးဖောက်ခွဲတယ်ဆိုတာကို ထိုင်းရဲတပ်ဖွဲ့က ဘာတခုမှ တိတိကျကျ စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိရထားသမျှ အခိုင်လုံဆုံး အထောက်အထားကတော့ လူငယ်တဦး ကျောပိုးအိတ်ကို နတ်ကွန်းအနီး ခုံတန်းရှည်နားမှာ ထားခဲ့ပြီး ဆိုင်ကယ်တက္ကစီနဲ့ ပျောက်ကွယ်သွားခဲ့တာပါ။ ထိုင်းရဲချုပ်က ဗုန်းခွဲသူလို့ သံသယရှိသူဟာ ထိုင်းနိုင်ငံထဲကနေ ထွက်ခွာသွားခဲ့တဲ့ အထောက်အထား မရှိတဲ့အတွက် နိုင်ငံထဲမှာပဲ ရှိနေမယ်လို့ ယုံကြည်တယ်၊ ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့် အဲ့လိုပြောနိုင်လဲလို့ မေးရင်တော့ မဖြေကြားနိုင်ဘူးလို့ ထိုင်းရဲချုပ်က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက အဆင့်မြင့်နည်းပညာတွေ မသုံးနိုင်တဲ့အတွက် စုံစမ်းဖော်ထုတ်နိုင်ရေးဟာ ခက်ခဲနှောင့်နှေးရတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်နေ့က ပြောဆိုခဲ့ပါသေးတယ်။ ဒီဗုံးဖောက်ခွဲသူနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေဟာ ရှုပ်ထွေးနေသလို တဦးနဲ့တဦး ထုတ်ဖော်ပြောဆိုမှုတွေဟာ ရှေ့နောက်မညီမှုတွေ ဖြစ်နေတာပါ။ နတ်ကွန်းဗုံးခွဲခံရပြီး နောက်တရက် ကျောက်ဖရားမြစ်ဆိပ်မှာ လက်ပစ်ဗုံးခွဲခဲ့သူကို ခြေရာခံနိုင်ဖို့ လုံခြုံရေးရုပ်သံဖိုင်ကို စစ်ဆေးနေတယ်လို့လည်း ပြောဆိုပါတယ်။ ဧရာဝဏ်နတ်ကွန်းဟာ ဘန်ကောက်မြို့တော်မှာ အာရှနိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်လည်ပတ်တဲ့ နေရာတခု ဖြစ်ပါတယ်။ သြဂုတ် ၁၇ ရက် ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူ အယောက်၂၀ မှာ နိုင်ငံခြားသား ၁၄ ဦး ပါဝင်ပြီး တ၀က်လောက်ဟာ တရုတ်နဲ့ ဟောင်ကောင်က ဖြစ်ပါတယ်။
6 years Ago

August 23, 2015

ဗုံးဖောက်ခွဲ သံသယရှိသူ နိုင်ငံက ထွက်ခွာသွားပြီဟု ထိုင်းရဲချုပ်ပြော

ထိုင်းနိုင်ငံ ဘန်ကောက်ဗုံးပေါက်ကွဲမှု နောက်ကွယ်က လူတွေကို ဖမ်းမိဖို့အတွက် ကံကောင်းဖို့ လိုသလို သံသယရှိသူတွေက နိုင်ငံကနေ ထွက်ခွာသွားပြီလို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ သြဂုတ် ၂၃ ရက် မနက်ပိုင်းက သတင်းထောက်တွေကို ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ "ကျနော်တို့ ကံနည်းနည်းလိုတယ်။ ရဲတွေ ကံကောင်းမယ်ဆိုရင် ကျနော်တို့ ဖမ်းနိုင်မှာ ဖြစ်ပါတယ်။  လက်သည်တွေက ကံကောင်းမယ်ဆိုရင်  သူတို့ ထွက်ပြေးနိုင်မှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးဖို့ ထိုင်းရဲတပ်ဖွဲ့က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ပြောခွင့်ရ ပရာဝတ် သဝေါင်ဆီရိကတော့ သံသယရှိသူ ထွက်ခွာသွားတယ်ဆိုတာကို သံသယရှိပေမယ့် ဆက်ရှာနေမှာ ဖြစ်ပြီး တိုင်းပြည်မှာ ရှိနေတဲ့ တခြားတယောက်ကို ရှာတွေ့ပြီး အထောက်အထားသဲလွန်စ ရှာဖွေနိုင်မယ်လို့ ပြောပါတယ်။
6 years Ago
Up