ထိုင်းရဲကားကို အရှိန်ဖြင့် ဝင်တိုက်ပြီး

May 29, 2017

ထိုင်းရဲကားကို အရှိန်ဖြင့် ဝင်တိုက်ပြီး သုံး လေးပတ် လိမ့်ထွက်ခဲ့သည့်ကား (ရုပ်သံ)

ထိုင်းနိုင်ငံမှာ အမျိုးသမီးတဦး မောင်းနှင်လာတဲ့ ကားတစီးဟာ လမ်းဘေးမှာ ရပ်ထားခဲ့တဲ့ ရဲကားတစီးကို အရှိန်နဲ့ တိုက်မိခဲ့ပြီးနောက် လမ်းမပေါ်ကို သုံး လေးပတ် လိမ့်ထွက်ကာ တိမ်းမှောက်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ထရန်ခရိုင်ထဲက လမ်းမတခုပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီကားနောက်က လိုက်ပါမောင်းနှင်ခဲ့တဲ့ ကားတစီးပေါ်ကနေ ရိုက်ယူ ထားနိုင်ခဲ့တာလို့ ဒေးလီးနယူးစ်သတင်းမှာ မေလ ၂၈ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တဲ့ ရာပီ ဖက်ချာကရူရာ အမည်ရသူက အဆိုပါကားဟာ လမ်းမပေါ်မှာ သူတို့ရဲ့ကားကို ဖြတ်ကျော်မောင်းနှင်သွားခဲ့တာဖြစ်ပြီး လမ်းရဲ့ညာဘက်ခြမ်းမှာ ရပ်ထားခဲ့တဲ့ ကားရဲ့ နောက်ဘက်ကို တိုက်မိခဲ့တာလို့ ဖော်ပြခဲ့တာပါ။ နာယောင်ခရိုင်ရဲဌာနမှ ရဲအရာရှိ ဆီ၀၀ပ် ခါအိုရွန်ကတော့ သူဟာ သူ့ရဲ့ကိုယ်ပိုင်ကားကို မောင်းနှင်ခဲ့ပြီးနောက် အဆိုပါနေရာမှာ ခဏရပ်ထားခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ ပြောပါတယ်။ ယာဉ်တိုက်မှုဖြစ်ချိန်မှာ တိုက်ခဲ့တဲ့ ကားပေါ်မှ အမျိုးသမီးတဦးရဲ့ အော်သံကို ကြားခဲ့ရပြီး သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ သူဟာ စကားပြောနိုင်ပြီး ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာတွေ မရခဲ့ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up