ထိုင်းမိဖုရား

May 14, 2019

သာမန်အရပ်သူဘဝက နိုင်ငံဦးသျှောင်ဘုရင်ရဲ့ အဂ္ဂမဟေသီ ဖြစ်လာတဲ့ ထိုင်းမိဖုရား ဆုထိဒါ

ထိုင်းဘုရင့်ကိုယ်ရံတော်တပ်မှူး ဘဝကနေ ဘုရင့်မိဖုရားတော် ဖြစ်လာတဲ့ ဆုထိဒါကို ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့ အမိန့်တော်နဲ့ ကျက္ကရီမင်းဆက် မိဖုရား အဆောင်အယောင်တွေအပ်နှင်းကြောင်း မေလ ၁၁ ရက် နေ့စွဲနဲ့ နန်းတွင်း ပြန်တမ်းဝင်ဂေဇက်က ထုတ်ပြန်ပါတယ်။ အဲဒီအမိန့်ပြန်တမ်းမှာ မိဖုရား ဆုထိဒါ ဖတ်ခ်ျရဆုထားဖိမွန်းရတ်တန အဂ္ဂမဟေသီအား  မဟာကျက္ကရီနန်းဆက် ပရုမ်ရာ့ခ်ျဝုန်းဘွဲ့တံဆိပ်တော်၊ ရတနဖွန်းအမည်ရှိ နန်းစဉ်ရွှေတံဆိပ်တော်၊ နုပ်ဖလတ်ရာ့ခ်ျဝရားဖွန်း အမည်ရှိ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်လိုက်ကြောင်း ဖော်ပြထားပါတယ်။ ဒီမတိုင်ခင် ပြီးခဲ့တဲ့ မေလ ၄ ရက်က လည်း ဒသမမြောက် ထိုင်းဘုရင်ကြီး ဝဇီရာလောင်ကွန်းရဲ့ နန်းတက်ဘိသက်ခံပွဲမှာလည်း မိဖုရား ဆုထိဒါဟာ ပိုးနဲ့ ရွှေချည်အစစ်ကို ရောနှောရက်လုပ်ထားပြီး ရတနာတွေ စီခြယ်ထားတဲ့ ရွှေစလွယ်နဲ့ ပုဝါကို သိုင်းခြုံထားကာ ပဉ္စမမြောက် မိဖုရားခေါင်ကြီးရဲ့ စိန်နဲ့ပြုလုပ်ထားတဲ့ ခါးပတ်ခေါင်းကို ဆင်မြန်းထားပါတယ်။ အဲဒီခါးပတ်ခေါင်းဟာ စိန်ကြီး ၉ ပွင့်ကို ရွှေနဲ့ စိန်ပွင့်ငယ်တွေ ခြံရံပြုလုပ်ထားကာ အလွန်လှပပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်ကရှိခဲ့တဲ့ ထီးမွေနန်းမွေအစစ် ဖြစ်တာကြောင့် တန်ဘိုးဖြတ်လို့ မရဘူးလို့ ခေါဝ်မွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မိဖုရား ဆုထိဒါရဲ့ အမည်ရင်းက ဆုထိဒါ တစ်ကျိုင် ခေါ် မွမ်နွိဖြစ်ပြီး ၁၉၇၈ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ မွေးဖွားကာ လက်ရှိ သက်တော် ၄၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူဟာဘန်ကောက် Assumption တက္ကသိုလ်မှ Communication ဘာသာရပ် အဓိကနဲ့ ဝိဇ္ဇာဘွဲ့ရရှိပြီး ထိုင်းလေကြောင်းလိုင်းမှာ လေယာဉ်မယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒုဗိုလ်အဆင့်နဲ့ ထိုင်းဘုရင့်တပ်မတော်ထဲ စတင်အမှုထမ်းခဲ့ပြီး ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်အဖြစ် ရာထူးအဆင့်ဆင့် တိုးမြှင့် ခန့်ထားခြင်း ခံခဲ့ရသလို ဆင်ဖြူတော်တံဆိပ်နဲ့ တခြား မော်ကွန်းဝင်တံဆိပ်တွေလည်း များစွာ ရခဲ့ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ် ဇူလိုင် ၇ ရက်မှာ အရှင်သခင်ပေါ် သစ္စာရှိသူ၊ တာဝန်ဝတ္တရား စောင့်သိရိုသေသူ၊ ကြိုးစားသူအဖြစ် ဆုထိဒါ ဝဇီရာလောင်ကွန်း နအယုဒ္ဓယ ဆိုတဲ့ အမည်နာမနဲ့ အိမ်ရှေ့မင်းသား ဝဇီရာလောင်ကွန်းရဲ့ သက်တော်စောင့် တပ်မှူးအဖြစ် ချီးမြှင့်ခန့်အပ်ခံရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ၂၀၁၉ မေလ ၁ ရက်နေ့မှာ ဒသမမြောက် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းနဲ့ နန်းတွင်းဓလေ့ရိုးရာ ထုံးတမ်းစဉ်လာအရ ထိမ်းမြားလက်ထပ်ပြီး ၂၀၁၉ မေလ ၄ ရက် ဘုရင်နန်းတက်ဘိသက်ခံပွဲမှာတော့ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးအဖြစ် မြှောက်စားခံခဲ့ရပါတယ်။ မိဖုရားမွေးနေ့ဖြစ်တဲ့ နှစ်စဉ် ဇွန်လ ၃ ရက်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ဖို့ မေလ ၁၄ ရက် ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူမိဖုရားမဖြစ်ခင် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက အိမ်ရှေ့မင်းသားနဲ့ ဂျာမနီနိုင်ငံမှာ အတူရှိနေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပြီး နှစ်အနည်းငယ်အတွင်း ရာထူးတွေ အလျင်အမြန် ထိုးတက်ခဲ့သလို ဘွဲ့တံဆိပ်တော်တွေ များစွာရခဲ့တဲ့အပေါ် ထိုင်းပြည်သူတွေအကြား ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ သာမန်အရပ်သူဘဝကနေ နိုင်ငံဦးသျှောင် ဘုရင်တပါးရဲ့ အဂ္ဂမဟေသီ ဖြစ်ခဲ့ရတဲ့ သူ့ပါရမီ ထူးကဲပုံကိုလည်း ချီးမွမ်းနေကြပါတယ်။ ဒါပေမယ့် မိဖုရားအဖြစ် မြှောက်စားခံရပြီးတဲ့နောက် သူမရဲ့ ကိုယ်ရေးရာဇဝင်ဆိုင်ရာ အချက်အလက်တွေ လူမှုကွန်ရက်ပေါ်မှာ မတွေ့ရတော့ဘဲ မိဖုရားတော် ချီးမွမ်းခန်းတွေကိုသာ တွေ့ရပါတော့တယ်။ ထိုင်းနိုင်ငံမှာ ဘုရင့်နန်းတွင်းရေးရာ ကိစ္စတွေဟာ သိမ်မွေ့ပြီး အထိရှမခံဘဲ အနွယ်တော်ကို ဝေဖန်ပြောဆိုသူတွေအနေနဲ့ ဥပဒေအရ အရေးယူခံရတာတွေ ရှိခဲ့ပါတယ်။
2 years Ago
Up