ထိုင်းဘူတာတွင် ဂရပ်ဖတီ လက်စွမ်းပြသည့် နိုင်ငံခြားသား ၂ ဦး ဝေဖန်မှုမြင့်တက်

A d v e r t i s e m e n t With Us

May 9, 2016

ထိုင်းဘူတာတွင် ဂရပ်ဖတီ လက်စွမ်းပြသည့် နိုင်ငံခြားသား ၂ ဦး ဝေဖန်မှုမြင့်တက် (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မြေအောက်ရထားဘူတာရုံတွင်းကို နိုင်ငံခြားသား ၂ ဦး ညအချိန်မှာ ၀င်ရောက်ပြီး ဂရပ်ဖတီလက်စွမ်းပြကာ ရမ်းကားဖျက်ဆီးခဲ့တဲ့အတွက် ထိုင်းပြည်သူတွေအကြားမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို The Grifters အမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှတဆင့် မျှဝေခဲ့ပြီးနောက်မှာ ဝေဖန်ပြစ်တင်မှုတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းအင်တာနက်အသုံးပြုသူတွေက အဆိုပါ နိုင်ငံခြားသား ၂ ဦးအနေနဲ့ လက်ရှိ နိုင်ငံရဲ့ တည်ဆဲဥပဒေဆိုင်ရာ သဘောထားအပေါ် အလေးထားသင့်ပြီး ခုလို စည်းမျဉ်းချိုးဖောက်တာမျိုးတွေ မလုပ်သင့်ဘူးလို့ မှတ်ချက်ရေးခဲ့ကြပါတယ်။ ဘန်ကောက် မြေအောက်ရထားဘူတာရုံဟာ ၂၀၀၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး လှပတဲ့ဒီဇိုင်း အရောင်အသွေးတွေကြောင့် ဂရပ်ဖတီသမားတွေအတွက် မျက်စိကျစရာ ဖြစ်ခဲ့ပေမယ့် ထိုင်းရဲတွေရဲ့ စောင့်ကြပ်မှုတွေအောက်မှာ အနည်းစုသာ အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်လို့ ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာ ရေးခဲ့တာပါ။ ယူတာနဲ့ အီသာလို့ခေါ်တဲ့ အဲဒီ နိုင်ငံခြားသား ၂ ဦးဟာ မြေအောက်ရထားနံရံတွေပေါ်မှာ ဆေးခြယ်ဖို့ စိတ်အားထက်သန်စွာနဲ့ စွန့်စား သွားရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူတို့ ၂ ဦးဟာ မြေအောက်ရထားဘူတာရုံ ခြံစည်းရိုးကို ကျော်တက်ကာ စွန့်စွန့်စားစား ၀င်ရောက်ခဲ့ကြပြီး ရထားနံရံတွေကို မှုတ်ဆေးဘူးတွေနဲ့ လက်စွမ်းပြခဲ့ကြကာ အပြင်ကို တိတ်တဆိတ်ပဲ ပြန်ထွက်သွားနိုင်ခဲ့ကြတာပါ။ အဲဒီရုပ်သံဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ် ပျံ့နှံ့ပြီးနောက်မှာတော့ ထိုင်း အင်တာနက် အသုံးပြုသူတွေဟာ မြေအောက်ရထားဘူတာရုံ တာဝန်ရှိသူတွေကိုလည်း ခုလို အချိန်မတော်မှာ နိုင်ငံခြားသား ၂ ဦး အလွယ်တကူ ၀င်ရောက်နိုင်ခဲ့တဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေကို မေးခွန်းထုတ်လာခဲ့ကြပါတယ်။
5 years Ago
Up