ကမ္ဘာ့နန်းသက်အရှည်ဆုံးဖြစ်ပြီး သက်တော် ၈၈ နှစ် ရှိပြီဖြစ်တဲ့ ထိုင်းဘုရင့်ကျန်းမာရေး အခြေအနေ မတည်ငြိမ်သေးဘူးလို့ နန်းတော်က အောက်တိုဘာ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက် တက်ရောက်နေတဲ့ ဘန်ကောက်မြို့က စီရီရတ်ဆေးရုံမှာ ဘုရင်ရဲ့ ကျန်းမာရေးအတွက် ဆုတောင်းပေးဖို့ ရာနဲ့ချီတဲ့လူတွေ မနေ့က စုရုံးနေတာပါ။
အစိုးရကတော့ တရားဝင် ကြေညာချက်ကို စောင့်ကြဖို့နဲ့ လူမှုကွန်ရက်တွေပေါ်မှာ ပြန့်နေတဲ့ ကောလာဟလတွေကို မယုံကြဖို့ တိုက်တွန်းပါတယ်။
တော်ဝင်နန်းထိန်းအဖွဲ့ ပရီဗီကောင်စီဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးချုပ်ဟောင်းနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရန်တင်စူလာနွန်ဒါက လက်ရှိ ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်နဲ့ အောက်တိုဘာ ၁၂ ရက် မနက် အစည်းအဝေးအတွင်း တွေ့ဆုံခဲ့တယ်လို့ AEC News သတင်းဌာနက အစီရင်ခံပါတယ်။
ထိုင်းဘုရင်ဟာ သွေးဆိပ်ကိုသန့်စင်ဖို့ ကုသမှုခံယူအပြီး အခြေအနေ မတည်ငြိမ် ဖြစ်ခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ တော်ဝင်ဘုရင်တာဝန်တွေ အားလုံးကို ရပ်ဆိုင်းထားဖို့ သမားတော်တွေက အကြံပြုခဲ့ပါတယ်။
အနှစ် ၇၀ ကျော် ဘုရင်အဖြစ် အုပ်စိုးခဲ့တဲ့ ထိုင်းဘုရင်ဟာ ထိုင်းပြည်သူတွေအတွက် စည်းလုံးခြင်းပြယုဂ်လည်း ဖြစ်ခဲ့ပါတယ်။
စည်းမျဉ်းခံဘုရင်ဖြစ်ပေမယ့် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတိုင်းမှာ အကျပ်အတည်းတွေကို ကြားဝင် ဖြေရှင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။
ထိုင်းဘုရင်ရဲ့ ရင်သွေးတော် လေးပါးထဲက အိမ်ရှေ့စံမင်းသား အပါအဝင် ရင်သွေး ၃ ပါး အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းမှာ စီရီရတ်ဆေးရုံကို ရောက်လာခဲ့တယ်လို့ ဆေးရုံမှာ စောင့်နေတဲ့ ရိုက်တာသတင်းဌာန သတင်းထောက်က အစီရင်ခံပါတယ်။
ထိုင်းအာဏာသိမ်းဝန်ကြီးချုပ် ပရာယု ချန်အိုချာကတော့ အိမ်ရှေ့စံမင်းသား ဗီဂျရာ လောင်ကွန်းကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းမှာ အခစားဝင်ဖို့ ချုံဘူရီက အစည်းအဝေးကို သူ့ကိုယ်စား ဒု-ဝန်ကြီးချုပ်တက်ရောက်ဖို့ လွှဲပေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
4 years Ago