ကံတော်ကုန်သွားတဲ့ ထိုင်းဘုရင်ကြီးရဲ့ရုပ်အလောင်းကို ဂါရဝပြုဖို့ တော်ဝန်နန်းတော်ထဲ သွားနေကြတဲ့ ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးဖို့ အစိုးရက နောက်ထပ် ဆေးဝန်ထမ်း ၂၀၀ ကို လုပ်အားပေးအဖွဲ့မှာ ထပ်မံဖြည့်ဆည်းလိုက်ပါတယ်။
ပုဂ္ဂလိကပိုင်ဆေးရုံ ၂၀ ကျော်က နောက်ထပ်ဆေးဝန်ထမ်းတွေကို ထပ်မံဖြည်ဆည်းလိုက်တာဖြစ်ပြီး ဆေးရုံဝန်ထမ်းတွေဟာ ခြေလျင်သွားပြီး လူတွေကို ကူညီပေးမယ်လို့ ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီး စူဝပ်ဖန်က အောက်တိုဘာလ ၂၂ ရက်နေ့က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အလုပ်သမားဝန်ကြီးကလည်း ဆေးဝန်ထမ်းတွေအတွက် ယာယီရုံးခန်းတွေအဖြစ် တဲတွေ ပိုမိုဆောက်ပေးနေပါတယ်။
ကံတော်ကုန်ဘုရင်ကြီးအတွက် ပူဆွေးနေသူမြောက်များစွာက အားလပ်ရက်ရှည်အတွင်း ဘုရင့်နန်းတော်ထဲကို လာရောက်ဂါရဝပြုမှာပါ။
အဲဒီဒေသမှာ တရားဥပဒေစိုးမိုးအောင် လုံခြုံရေးတပ်တွေအတွက် ရဲအရာရှိတွေ ထပ်မံဖြည့်ဆည်းထားတယ်လို့လည်း မစ္စတာစူဝပ်ဖန်က ပြောပါတယ်။
ဘန်ကောက်မြို့ ရဲဌာနအားလုံးက ရဲအရာရှိ ၂၀၀ ကျော်နဲ့ မြို့တော်ရဲဗျုရိုနဲ့ခရိုင်ရဲ ဒေသ ၁-၉ မှ ရဲအရာရှိစုစုပေါင်း ၁၅၀၀ ကျော်ကိုလည်း ဝမ်းနည်းခြင်းအခမ်းအနားကို စောင့်ကြပ်ဖို့ စီစဉ်ညွှန်ကြားတားတယ်လို့ ဆိုပါတယ်။
အစိုးရပြောရေးဆိုခွင့်ရှိသူတဦးကလည်း ဂါရဝပြုသူတွေ ဂါရဝပြုမဲ့နေရာကို အဆင်ပြေပြေသွားနိုင်ဖို့ ဘန်ကောက်မြို့တွင်းမှာ နောက်ထပ်ဘတ်စ်ကားသွားကြိမ်ရေ ၁၀၀ ပိုမိုစီစဉ်ထားပြီး ရထား အကြိမ်ရေ ၁၅၀ ပိုမိုပြေးဆွဲဖို့ကိုလည်း အထူးစီစဉ်ထားတယ်။
မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ လိုအပ်ရင်သုံးဖို့ ဘီးတပ်ကုလားထိုင်တွေနဲ့ ဆေးကုသဝန်ဆောင်မှုတွေလည်း ထားပေးတယ်လို့ သိရပါတယ်။
လာရောက်ဂါရဝပြုသူတွေကို လှူဒါန်းထားတဲ့ ချက်ပြီးသားအစားအစာတွေဟာ လိုအပ်တာထက်များနေလို့ အလှူရှင်တွေအနေနဲ့ အစားအသောက်အခြောက်တွေ လှူဖို့ကိုလည်း အစိုးရက တိုက်တွန်းထားပါသေးတယ်။
6 years Ago