ထိုင်းဘုရင့်သမီးတော်

February 12, 2018

အီတာလျံ-ထိုင်းဥက္ကဋ္ဌ ကျူးလွန်ခဲ့သည့်အမှု စုံစမ်းရေး ထိုင်းဘုရင့်သမီးတော် ထောက်ခံ

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးလုပ်ငန်းရှင် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး (အိုင်တီဒီ) ဥက္ကဋ္ဌ ကျူးလွန်ခဲ့တဲ့အမှုကို အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေတာနဲ့ပတ်သက်ပြီး ထိုင်းဘုရင့်သမီးတော် အူဘိုလ်ရာတနာက ထောက်ခံမှု ပြသလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖော်ပြလိုက်ပါတယ်။ နာမည်ကျော်ကြားတဲ့ သံသယရှိသူကို စုံစမ်းစစ်ဆေးရာမှာ လုပ်ထုံးလုပ်နည်း မှန်ကန်တဲ့ ကျင့်ဝတ်တွေနဲ့ စုံစမ်းမှု ပြုရဲ့လားဆိုပြီး စိုးရိမ်မှုမြင့်တက်ကာ သံသယတွေ ဖြစ်ပေါ်နေတာပါ။ သမီးတော်ရဲ့ Nichax ဆိုတဲ့ အင်စတာဂရမ် စာမျက်နှာကို ထောက်ခံသူတယောက်က  ကန်ချနဘူရီမှာ ဖြစ်ခဲ့တဲ့ အိုတီဒီဥက္ကဋ္ဌရဲ့ အမှုနဲ့ပတ်သက်ပြီး သိရှိဖို့ လူတွေ ဘယ်လိုလုပ်သင့်လဲလို့ မေးမြန်းချိန်မှာ သမီးတော်က “အာဏာပိုင်တွေအားလုံးကို အနိုင်ကျင့်ခံရမှုကနေ အကာအကွယ်ပေးနိုင်အောင် ကျမတို့အားလုံး စိတ်ဓာတ်ခွန်အားနဲ့ ထောက်ခံပေးသင့်တယ်။ ဘယ်သူ့ဘယ်သူကမှ တခြားလူတွေထက် အထူးအခွင့်အရေးမရှိဘူး ဆိုတာကို ကျမတို့က သတိရှိလာအောင် နှိုးဆော်မြှင့်တင်ပေးရမယ်။ ဒီနိုင်ငံက ထိုင်းလူမျိုးအားလုံး ပိုင်တာပါ။ ဘယ်တဦး တယောက်ချင်းကမှ ပိုင်ဆိုင်တာမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အခင်းဖြစ်ပွားမှုက ဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ အိုင်တီဒီရဲ့ ဥက္ကဋ္ဌဖြစ်သူ အသက် ၆၃ နှစ်အရွယ် ပရမ်ချိုင်ကာနာစုတာနဲ့ သူ့အလုပ်သမား သုံးဦးတို့ဟာ ရှားပါးကျားသစ်တကောင် အပါအဝင် တောရိုင်းတိရစ္ဆာန် အသေကောင်တွေ ပိုင်ဆိုင်မှုကို အာဏာပိုင်တွေ တွေ့ရှိပြီးနောက် ထွန်ယိုင်ဟူရိုင် သဘာဝတောကြီးထဲမှာ သူတို့ လေးဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ စုံစမ်းရှာဖွေရေးအဖွဲ့ ဦးဆောင်သူ ကန်ချနာဘူရီ ဒု-ရဲချုပ် ဖွန်ဆက်ပရာစိုရက်က မစ္စတာပရမ်ချိုင်ရဲ့ အနေအထားကြီးက သူ့တာဝန်ကို မယိမ်းယိုင်သွားစေပါဘူးလို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြောလိုက်ပြီး “စစ်ဆေးမှုက သက်သေတွေပေါ် အခြေခံခဲ့လို့ ကျနော် ဘာကိုမှ မစိုးရိမ်ပါဘူး” လို့ ပြောပါတယ်။ မစ္စတာပရမ်ချိုင်နဲ့ သံသယရှိသူ သုံးဦးကို နောက်ထပ်မေးခွန်းတွေ မေးမြန်းဖို့ ဒီအပတ်ထဲမှာ ဆင့်ခေါ်မယ်လို့ မျှော်လင့်ကြောင်း ဒု-ရဲချုပ်က ပြောလိုက်ပြီး လက်တလောမှာ အာဏာပိုင်တွေကို လာဘ်ပေးမှုအပါအဝင် အမှုတော်တော်များများနဲ့ ရင်ဆိုင်နေရတဲ့ သူတို့လေးဦးစလုံး အာမခံနဲ့ လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။ အာမခံနဲ့ လွှတ်ပေးထားတဲ့ မစ္စတာပရမ်ချိုင် နယ်မြေကျော်ပြီး ထွက်ပြေးမှာ စိုးရိမ်တဲ့အတွက် လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ထိုင်း-မြန်မာနယ်စပ်ကို လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။ ကန်ချနဘူရီ လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ပရာဆက်ခမ်မာပရာဆစ်ကလည်း တကယ်လို့ မစ္စတာပရမ်ချိုင် နယ်စပ်ကျော်ပြေးခဲ့ရင် လူဝင်မှုကြီးကြပ်ရေးက ဖမ်းမယ်လို့ ပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up