ထိုင်းဘုရင်နန်းတက်ပွဲ

April 29, 2019

ထိုင်းဘုရင် နန်းတက်ပွဲအကြို ပြင်ဆင်လေ့ကျင့်၊ ဘန်ကောက်ရှိ လမ်းပေါင်း ၄၀ ပိတ်ထား

ထိုင်းဘုရင် နန်းတက်ပွဲအကြို ပြင်ဆင်လေ့ကျင့်နေလို့ မြို့တော်ဘန်ကောက်က လမ်းပေါင်း လေးဆယ်ကို ဧပြီ ၂၈ ရက်က ပိတ်ထားပါတယ်။ တီးဝိုင်းနဲ့ မြင်းစီးအရာရှိတွေက နန်းတော်ကို ချီတက်တဲ့ အခမ်းအနားကို ဝတ်စုံပြည့် လေ့ကျင့်နေတာပါ။ ထိုင်းနိုင်ငံမှာ နှစ် ၇၀ နီးပါးအတွင်း ပထမဆုံးအနေနဲ့ ဘုရင် မဟာဝဇီရာ လောင်ကွန်းဟာ လာမယ့်သီတင်းပတ်ကုန်ရက်မှာ နန်းတက်တော့မှာပါ။ အသက် ၆၆ နှစ်အရွယ် ဘုရင်ကို ဆယ်ဆက်မြောက် ရာမဘုရင်လို့လည်း သိကြပါတယ်။ သူ့ခမည်းတော် ဘုရင် ဘူမိဘော အဒူလျာဒက်ဟာ အနှစ် ၇၀ ထီးနန်းစိုးစံအပြီး ၂၀၁၆ အောက်တိုဘာမှာ နတ်ရွာစံပြီးနောက် သူဟာ စည်းမျဉ်းခံဘုရင် ဖြစ်လာပါတယ်။ မေလ ၄ ရက်ကနေ ၆ ရက်ထိ ကျင်းပမယ့် နန်းတက်ပွဲ အခမ်းအနားတွေကို စစ်အစိုးရက အမေရိကန်ဒေါ်လာ ၃၁ သန်းနဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၁ ဘီလျံ ကျခံသုံးစွဲမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဒီငွေပမာဏဟာ ဘုရင် ဘူမိဘော ဈာပန အသုံးစရိတ်ရဲ့ သုံးပုံတပုံသာ ရှိတယ်လို့လည်း ဆိုပါတယ်။ တရားဝင်နန်းတက်ပွဲကို ဗုဒ္ဓဘာသာ အစဉ်အလာ အခမ်းအနားနဲ့ရော ဟိန္ဒူဘာသာ ဗြဟ္မဏ အစဉ်အလာ ဝတ်ပြုပွဲတွေနဲ့ပါ ရောနှောကျင်းပဖို့ စီစဉ်ထားပါတယ်။ ဘုရင်ဟာ မေလ ၄ ရက်နေ့မှာ နန်းတက်ပြီး ၆ ရက်မှာ ပြည်သူတွေ၊ နိုင်ငံခြားသား ဂုဏ်သရေရှိ ဧည့်သည်တွေနဲ့ တွေ့ဆုံပါမယ်။ အဲဒီနေ့တွေကို အများပြည်သူ အားလပ်ရက်အဖြစ် ကြေညာထားပါတယ်။ ထိုင်းပြည်သူ အများစုအတွက် ဘဝမှာ ပထမဆုံးကြုံဖူးတဲ့ နန်းတက်ပွဲလည်း ဖြစ်ပါတယ်။
2 years Ago
Up