ထိုင်းဘုရင်နတ်ရွာစံပြီး မူးမေ့နေမကောင်းဖြစ် ပြည်သူများအတွက် ဟော့လိုင်းဖွင့်

October 16, 2016

ထိုင်းဘုရင်နတ်ရွာစံပြီး မူးမေ့နေမကောင်းဖြစ်သည့် ပြည်သူများအတွက် ဟော့လိုင်းဖွင့်

ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက် နတ်ရွာစံအပြီး နိုင်ငံအဝန်းက ထိုင်းပြည်သူ အများအပြား မူးမေ့ နေမကောင်း ဖြစ်ခဲ့ကြလို့ သူတို့ခံစားချက် သက်သာစေရေး ထိုင်းအစိုးရက နှစ်သိမ့်ဆွေးနွေး ပညာပေးတာနဲ့ ဟော့လိုင်းတရပ်ကို စီစဉ်ပေးခဲ့ပါတယ်။ အသက် ၈၈ နှစ်အရွယ် နတ်ရွာစံဘုရင်ရဲ့ ရုပ်ကလာပ်ကို တော်ဝင်ဓလေ့ထုံးစံနဲ့အညီ ဈာပနမကျင်းပမီ လနဲ့ချီပြီး နန်းတော်နားမှာ အပူဇော်ခံထားမှာပါ။ အစိုးရ ကျန်းမာရေး အရာရှိတွေက ဝမ်းနည်းပူဆွေးနေသူတွေကို နှစ်သိမ့်ဆွေးနွေးဖို့ ယာယီတဲ့ တလုံးကို ပြင်ဆင်ထားပါတယ်။ စိတ်ကျန်းမာရေးဌာန ညွှန်ချုပ် ဘွန်ရူအန် ထရီရုအန်ဝိုရာဝတ်က ဘုရင်ကြီး နတ်ရွာစံပြီးကတည်းက ဆေးဘက်ဝန်ထမ်းတွေဟာ လူအယောက် ၂၀၀ လောက်ကို ဆေးကုသပေးခဲ့ရပြီးပြီလို့ ပြောပါတယ်။ တချို့လူတွေဟာ ပူဆွေးသောကကြောင့် အသက်ရှူမြန်တဲ့ဝေဒနာကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းဘုရင်ကို ပြည်သူလူထုက ဖခင်အဖြစ် ချစ်မြတ်နိုးကြတာ များပါတယ်။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း ဟော့လိုင်း စီစဉ်ပေးခဲ့ပြီး ဖုန်းခေါ်ဆိုမှု တိုးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ၂၄ နာရီ ဖုန်းခေါ်မှုကို အလှည့်ကျ နှစ်သိမ့်ဆွေးနွေး ပေးနေတဲ့ စိတ်ကျန်းမာရေးပညာရှင် ဆယ်ယောက်ထဲက တယောက်ဖြစ်တဲ့ စာစီယာ ချန်ကယောက်က ဖုန်းခေါ်မှု အများစုက သတင်းကို လက်သင့်မခံနိုင်လို့ ခေါ်ကြတာ ဖြစ်တယ်။ ဘုရင်အတွက် ပူဆွေးနေမယ့်အစား သူတို့ ဘာလုပ်သင့်တယ် ဆိုတာကို လမ်းညွှန်ရတယ်လို့ ပြောပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က စီရီရတ်ဆေးရုံမှာ နတ်ရွာစံခဲ့တဲ့ ထိုင်းဘုရင်ရဲ့ ရုပ်ကလာပ်ကို အောက်တိုဘာ ၁၄ ရက်နေ့ နန်းတော်ဆီ ရွှေ့ခဲ့တာပါ။ ဝတ်စုံနက်ဝတ် ထောင်နဲ့ချီတဲ့လူတွေ နန်းတော်ဆီ စုပြုံရောက်လာပြီး ဖူးမြင်နိုင်မယ့် အချိန်ကို နာရီနဲ့ချီ စောင့်ဆိုင်း ခဲ့ကြပါတယ်။ ၉ ဆက်မြောက် ရာမဘုရင် ဘူမိဘောရဲ့ ရုပ်ပုံတွေကို လူဦးရေ ၆၇ သန်းရှိတဲ့ ထိုင်းနိုင်ငံအတွင်း အိမ်တိုင်း၊ ကျောင်းတိုင်း၊ ရုံးတိုင်းလိုလိုမှာ ချိတ်ဆွဲထားတာ တွေ့နိုင်ပါတယ်။
6 years Ago
Up