ထိုင်းနိုင်ငံ ကော့ဖငန်ကျွန်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့က ဥရောပနိုင်ငံသားလို့ ယူဆရတဲ့ နိုင်ငံခြားသားတဦးရဲ့အလောင်းကို ကျောပိုးအိတ်ထဲ ကျောက်ခဲတွေနဲ့အတူ ကျွန်းနဲ့ ၅၀၀ မီတာလောက်ဝေးတဲ့ ရေနက်ထဲမှာ ဘန်ကောက်ရဲတွေက တွေ့ရှိခဲ့ပါတယ်။
ဒီသေဆုံးသူဟာ အပြာရောင် ဘောင်းဘီတိုကို ဝတ်ထားပြီး အကျီင်္ိတော့ ဝတ်ဆင်ထားခြင်းမရှိပါဘူး။ သူလွယ်ထားတဲ့ ကျောပိုးအိတ်ထဲမှာတော့ ကျောက်ခဲ ၅ လုံးနဲ့ အခြားပစ္စည်းတွေကို တွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့သတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက်မြို့ရှိ ရာဇဝတ်မှုစုံစမ်းဖော်ထုတ်ရေး နည်းပညာကျွမ်းကျင်သူက ဒီသေဆုံးခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေမယ်လို့ ပြောလိုက်ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့က ဒီနိုင်ငံခြားသားရဲ့အလောင်းကို ဆူရပ်ဌာနီမှ ဘန်ကောက်မြို့ရှိ ရာဇဝတ်မှုစုံစမ်းဖော်ထုတ်ရေး ဆေးပညာအင်စတီကျု့ကို ပို့လိုက်တယ်လို့လည်း သိရပါတယ်။
နိုင်ငံခြားသား ဘာကြောင့်သေဆုံးတယ်ဆိုတာကို ကော့ဖငန်ခရိုင် ရဲတွေက မသိရှိနိုင်တာကြောင့် ဆေးပညာနဲ့ ရာဇဝတ်မှုစုံစမ်းမှုဖော်ထုတ်ဖို့ ဆူရပ်ဌာနီ ရဲအရာရှိတဦးဖြစ်သူ အပီချာ့တ်ဘွန်စရီရော့ဂ်ျက အကူအညီတောင်းခဲ့တာပါ။
ကော့ဖငန်မြို့ရဲစခန်းရဲ့ နောက်ရဲအရာရှိတဦးကတော့ ဒီလူသေထားတာ ၅ ရက် လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ရဲအရာရှိ အပီချာ့တ်က သေဆုံးမှုနဲ့ပတ်သက်ပြီး သေချာတဲ့ သက်သေ မတွေ့သလို လူသတ်မှုဆိုတာကိုလည်း မစဉ်းစားလို့မရဘူးလို့ ဆိုပါတယ်။
ကျောပိုးအိတ်ထဲက ကျောက်ခဲတွေဟာ ဒိုက်ဗင်ထိုးတဲ့အခါ အလေးချိန်ရှိအောင် သုံးတာဖြစ်နိုင်သလို ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အခါ ခန္ဓာကိုယ်နစ်မြှုပ်အောင် သုံးတာလည်း ဖြစ်နိုင်တယ်လို့ ရဲအရာရှိက ထပ်ဖြည့်ပြောလိုက်ပါတယ်။
ကော့ဖငန်ရဲစခန်းက ရဲတွေကတော့ အပန်းဖြေဟိုတယ်အားလုံးကို ဘယ်ဧည့်သည် ပျောက်ဆုံးနေလဲဆိုတာကို သိရှိဖို့ သူတို့ရဲ့ဧည့်သည်စာရင်း စစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
4 years Ago