ထိုင်းတွင် မူးယစ်ဆေး ရောင်းဝယ်သည့် ဘုန်းကြီးအား ဖမ်းဆီး

February 1, 2018

ထိုင်းတွင် မူးယစ်ဆေး ရောင်းဝယ်သည့် ဘုန်းကြီးအား ဖမ်းဆီး

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ကလာဆင်းရန်တလက်ခရိုင်ရဲ့ နာမည်ကြီး ဘုန်းကြီးကျောင်းမှာ ဇိမ်ခံပစ္စည်းတွေနဲ့ နေထိုင်တဲ့ ဘုန်းကြီးတပါးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ပဲခွန်ကဲန်လို့ လူသိများတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူ ဘုန်းကြီးကို ဇန်နဝါရီ ၃၀ ရက်က တခြားဘုန်းကြီးတွေနဲ့အတူ မူးယစ်ဆေးဝါးတွေ သုံးစွဲနေတုန်း ဖမ်းမိခဲ့တာပါ။ မူးယစ်ဆေးဝါးတွေနဲ့အတူ ပစ္စတို ၃ လက်၊ ဆေးခြောက် ၁၁၀ ဂရမ်၊ ဘတ် ၆ သောင်း ၆ ထောင်တန်ဖိုးရှိတဲ့ မူးယစ်ဆေးပြား ၈၄၀၀ ထည့်ထားတဲ့ အိတ် ၂၀၀ တို့ကို ဘန်ကောက်လိုင်စင်နဲ့ ဘီအမ်ဒဗလျူကားတစီးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ရဲတွေက စစ်ဆေးရေး လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မူးယစ်ဆေးရောင်းဝယ်သူ ဘုန်းကြီးကို ခွန်ကဲန်မူရန်ရဲစခန်းကို ခေါ်ဆောင်သွားပြီး သင်္ကန်းချွတ်ကာ တရားစွဲဆိုခဲ့တာပါ။ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတွေက ခွန်ကဲန်ရဲ့ နာမည်အရင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ မစ္စတာအာစာဒန်လို့ပြောခဲ့ပြီး ဒါကလည်း သူ့နာမည်အရင်း မဟုတ်ဘူးလို့ ဆိုပါတယ်။ ခွန်ကဲန်ဖမ်းဆီးခံရတဲ့ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဘုန်းကြီးက ဘုန်းကြီးကျောင်းအမည်ကို ထုတ်ဖော်မပြောဖို့ ရဲတွေကို တောင်းပန်လိုက်ပြီး ဘုန်းကြီးကျောင်းရဲ့ ပုံရိပ်ပျက်စီးမှာကို ကျောင်းထိုင်က စိုးရိမ်တဲ့အတွက် ရဲတွေကလည်း ဘုန်းကြီးကျောင်းရဲ့အမည်ကို ထုတ်ဖော်မပြောခဲ့ဘူးလို့ ဆိုပါတယ်။ မူရန်ခရိုင်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဘုန်းကြီးအတု ပဲခွန်ကဲန်က မူးယစ်ဆေးဝါး ရောင်းခဲ့တာလို့ ခွန်ကဲန်ရဲစခန်းမှူး ပရိုမန်နက်ထာခက်ဟမ်ခမ်ဖိုင်က ပြောပြီး နောက်ပိုင်း ပဲခွန်ကဲန်ဟာ ကလာဆင်းခရိုင်မှာ ဘုန်းကြီးဝတ်နေတယ်လို့ စုံစမ်းရေးအရာရှိတွေက သိခဲ့တာပါ။ ဒီနောက် ဘုန်းကြီးကျောင်းကို ရှောင်တခင်စစ်ဆေးခဲ့ပြီး ပဲခွန်ကဲန်ဟာ အရှေ့မြောက်ပိုင်းမှာ အဓိက မူးယစ်ဆေးဝါး ရောင်းဝယ်သူဖြစ်တယ်လို့ သိခဲ့ကြပါတယ်။ သူဟာ ဘန်ကောက် ရာမာ ၂ ဒေသက မူးယစ်ရောင်းဝယ်တဲ့ ကွန်ရက်တွေနဲ့ အချိတ်အဆက်ရှိပြီး ရဲတွေက တခြားလူတွေကိုလည်း စုံစမ်းမှုတွေ လုပ်ခဲ့ပါသေးတယ်။ စခန်းမှူး ပရိုမန်နက်ထာခက်ဟမ်ခမ်ဖိုင်က “သူက သူ့ရဲ့ဘဏ်ထဲမှာ ငွေ ၁၀ သန်းလောက် ထည့်ထားပြီး ဇိမ်ခံပြီးနေတယ်။ နိုက်ကလပ်တက်သူအများစုနဲ့ တခြား ဆေးဝယ်သူတွေကို မက်သာဖက်တမင်းဆေးပြားနဲ့ တခြားမူးယစ်ဆေးဝါးတွေကို သူ့ရဲ့ ဘီအမ်ဒဗလျူကားမောင်းပြီး ပို့ဆောင်ခဲ့တာ” လို့ ပြောပါတယ်။ ခွန်ကဲန်ကို စစ်ကြောရေးလုပ်စဉ်အတွင်း သူက ရဲတွေကို တခြားသူတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ခဲ့တဲ့သတင်းတွေ ပေးခဲ့တယ်လို့လည်း ခွန်ကဲန်ရဲချုပ်က ပြောပါတယ်။ ခွန်ကဲန်ခရိုင်မှာ မူးယစ်ဆေးဝါး အကြာကြီး ရောင်းနိုင်ပြီး သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေ ပိုတိုးပွားလာအောင် ဘုန်းကြီးဝတ်ခဲ့တာဖြစ်ကြောင်း အဖမ်းခံရသူ ခွန်ကဲန်က ရဲတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။
3 years Ago
Up