ထိုင်းတွင် မက်သာဖက်တမင်းဆေးပြား သန်းချီ ဖမ်းမိ၊ ဖမ်းဆီးခံရသူများတွင် မြန်မာတဦးပါဝင်

October 13, 2017

ထိုင်းတွင် မက်သာဖက်တမင်းဆေးပြား သန်းချီ ဖမ်းမိ၊ ဖမ်းဆီးခံရသူများတွင် မြန်မာတဦးပါဝင်

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ခရိုင် ၄ ခုကို အောက်တိုဘာ ၁၁ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေ ရှာဖွေစီးနင်းမှုအတွင်း တရားမဝင် မူးယစ်ဆေးဝါးတွေနဲ့အတူ မက်သာဖက်တမင်းဆေးပြား ၃ သန်းကျော် သိမ်းဆည်းရမိပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု သံသယရှိသူ ၈ ဦးကို ဖမ်းဆီးမိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးမိသူ ၈ ဦးထံမှ ဆေးပြား ၃ ဒသမ ၂ သန်း၊ မက်သာဖက်တမင်း ဆေးခဲ ၄ ကီလိုဂရမ်၊ ကက်တမင်းမူးယစ်ဆေး ၁ ကီလိုဂရမ်၊ ကား ၆ စီး၊ ပိုင်ဆိုင်ခွင့်ရှိကြောင်း စာချုပ်စာတမ်းတချို့၊ ဘဏ်စာအုပ်တွေနဲ့ ရွှေထည်ပစ္စည်းတွေ တွေ့တယ်လို့ အောက်တိုဘာ ၁၂ ရက်နေ့ ချင်းရိုင်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောလိုက်ပါတယ်။ ပထမဆုံး ရှောင်တခင်စစ်ဆေးမှုအတွင်း အောက်တိုဘာ ၁၁ ရက်နေ့က မဲ့ချန်ခရိုင်ရဲကင်းမှာ ကားတစီးကိုရှာဖွေစဉ် ကားထဲမှာဝှက်ထားတဲ့ ကက်တမင်းမူးယစ်ဆေး ၁ ကီလိုဂရမ်၊ မက်သာဖက်တမင်း ဆေးခဲ ၄ ကီလိုဂရမ်နဲ့ ဆေးပြား ၄၈၇၂၀၀ ကို ရဲတွေက တွေ့ရှိလို့ နန်သာဘူရီခရိုင်က အသက် ၃၇ နှစ်အရွယ် ပရာဆစ်မူအန်ဆရီပန်းကို ဖမ်းဆီးခဲ့ပါတယ်။ ဒီနောက် အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီလောက်ကလည်း နန်သာဘူရီခရိုင်မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် နီရန်ကာဒ်မန်ကောကို မယ်ဆိုင်ခရိုင် သမ်ပလာရဲကင်းမှာ ဖမ်းဆီးမိခဲ့တာပါ။ နီရန်ဟာ တရားမဝင် မူးယစ်ဆေးဝါးတွေကို ဗန်ကားနဲ့ နယ်စပ်ခရိုင်က သယ်ဆောင်လာပြီး မူရန်ခရိုင်က ဂရန်ရွန်းဟိုတယ် ကားရပ်နားရာနေရာဆီ ပို့ဆောင်ပေးရတယ်လို့ ဝန်ခံပြီး တခြားလူတဦးက မူးယစ်ဆေးဝါးတွေကို လာရောက်ယူဆောင်သွားတယ်လို့ ရဲကို ပြောပါတယ်။ အာဏာပိုင်တွေက နီရန်ကို ဟိုတယ်ကားရပ်နားရာဆီ ခေါ်ဆောင်သွားပြီး ရှာဖွေရာ ကားထဲမှာ ဆေးပြား ၂ သန်းပါတဲ့ ဘိလပ်မြေ မြေသြဇာအိတ် ၁၈ လုံးကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးပေါ်မှာ အမှတ်အသားပြုလုပ်ဖို့ ရာဘာပုံစံတုန်း လေးတုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းသတင်းတွေက ထုတ်ပြန်ထားပါတယ်။ ဒီမူးယစ်ဆေးဝါးတွေကို နယ်စပ်တွေကနေ သယ်ယူပြီး ဘန်ကောက်မြို့မှာ ဖြန့်ဝေဖို့ ရည်ရွယ်တာလို့ ရဲတွေက ပြောပါတယ်။ အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုရဲ့ ကြိုးကိုင်ချယ်လှယ်သူက ဂျိုးလို့ခေါ်တဲ့ အမျိုးသားတဦးဖြစ်ကြောင်း စုံစမ်းရေးအရာရှိတွေက သိရပြီး သူဟာ စမုပရကန်အရပ်မှာ လူသတ်ဖို့ အားထုတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ပြန်ထားတဲ့အတွက် ထွက်ပြေးပြီး အိမ်နီးချင်းနိုင်ငံတခုမှာ ပုန်းအောင်းနေတယ်လို့ သိရပါတယ်။ မဲ့ဆူအိုင်ခရိုင်မှာလည်း မူးယစ်ဆေးပြား ၂ သိန်းကို ကားထဲမှ တွေ့ရှိမှုနဲ့ အသက် ၂၁ နှစ်အရွယ် လူငယ်တဦးကို အောက်တိုဘာ ၁၁ ရက် ညနေပိုင်းမှာ ဖမ်းမိခဲ့ပြီး အဲဒီနေ့မှာပဲ အသက် ၄၆ နှစ်အရွယ် ခရစ်တ်စကွန်ဆိုသူကို ပစ်ကပ်ကားနှစ်စီးနဲ့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးပြား ၃ သိန်းနဲ့အတူ ဖမ်းဆီးမိခဲ့ပါသေးတယ်။ ဒါ့အပြင် မြန်မာနိုင်သား လော်ပီးနဲ့ ထိုင်းအမျိုးသား ဝန်နုဝန်တို့ကိုလည်း မူးယစ်ဆေးပြား ၁၈,၀၀၀ နဲ့အတူ တွေ့ရှိ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် ရှောင်တခင် ရှာဖွေမှုတွေမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ ဦးကို မူးယစ်ဆေးပြား ၂၇၆၀၀၀ နဲ့အတူ မယ်ဆိုင်ခရိုင်မှာ ဖမ်းဆီးမိခဲ့တာပါ။ ချင်းမိုင်မြို့မှာလည်း ဆေးပြား ၄ သိန်းကျော်နဲ့အတူ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ချင်းရိုင်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတွေက ပြောခဲ့ပြီး ဘယ်အချိန်မှာ ဖမ်းဆီးခဲ့တယ် ဆိုတာကိုတော့ ရဲတွေက မပြောဘူးလို့ သိရပါတယ်။
4 years Ago
Up