ထိုင်းနိုင်ငံ ဖစ်ချဘွန်းခရိုင်ထဲမှာ ရေကန်ကြီးတကန် ခန်းခြောက်ရာက ရွှေငွေလက် ၀တ်လက်စာ နဲ့ ဘုရားရုပ်တုတွေ တူးဖော်တွေ့ရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ဖစ်ချဘွန်းခရိုင် ချွန်းဒန်းမြို့နယ် ထာ့ခမ့်ရပ်ကွက်ထဲက ဧက ၆၀ အကျယ်ရှိတဲ့ ရေကန်ကြီးတကန် ဒီနှစ်ထဲ လုံးဝ ခန်းခြောက်သွားတာကြောင့် ရေကန်ပတ်လည်နေ ဈေးသည်တွေဟာ ၀င်ငွေမရှိတော့ဘဲ ရေကန်ထဲကျနေတဲ့ပစ္စည်းတွေ လိုက်လံတူးဖော်ရင်း ခုလိုတန်ဖိုးရှိ လက်ဝတ်လက်စားတွေ တွေ့ခဲ့တာလို့ ထာ့ခမ့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆီရီရတ် အိမ့်ဆအတ်က သတင်းထောက်တွေကို ပြောပါတယ်။
ဈေးသည်တွေဟာ ဇွန် ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပတ်ကြားအက်နေတဲ့ မြေကြီးထဲကနေ ကာလတန်ဖိုး ၁ သောင်းကျော်ရှိ ငွေအကြွေတွေရော၊ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ငွေလက်စွပ်နဲ့ ဘုရားဆင်းတုတော်တွေပါ တူးဖော်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဈေးသည်တဦး ပြောပြချက်အရ သူတို့ဟာ အရင်က အဲဒီရေကန်ဘေးမှာ ဈေးရောင်းတာ တနေ့ကို ၀င်ငွေဘတ် ၁၀၀၀ အထိ ရခဲ့ပေမယ့် ဒီနှစ်ထဲ ရေကန်ခန်းခြောက်သွားတာကြောင့် ရေကန်မှာ အပန်းဖြေလာရောက်လည်ပတ်သူတွေ မရှိတော့ဘဲ ၀င်ငွေ တနေ့ ဘတ် ၂၀ မှ ၃၀ ကို အနိုင်နိုင်ရှာနေရကြောင်း၊ အဲဒါနဲ့ ကြံရာမရဖြစ်ပြီး ပတ်ကြားအက်နေတဲ့မြေတွေထဲက ပစ္စည်းဟောင်းတွေ လိုက်လံရှာဖွေရာက တန်ဖိုးရှိပစ္စည်းတွေ တွေ့ခဲ့တာလို့ ဆိုပါတယ်။
အဲဒီပစ္စည်းဟာ ရေကန်မှာ လာရောက်သူတွေ ကျကျန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရေကန်ကြီး ခန်းခြောက်သွားတာကြောင့် ကျေးရွာအုပ်စု ၄ စုက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ အခက်အခဲရှိနေကြောင်း၊ သောက်ရေသုံးရေအတွက် အ၀ီစိတွင်းကိုသာ မှီခိုနေရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။
6 years Ago