ထိုင်းတရားရုံး

February 5, 2019

ဘာရိန်းဘောလုံးသမားကို ပြစ်မှုကျူးလွန်ရာနိုင်ငံ လွှဲပြောင်းပေးမည့် ကြားနာမှု ဧပြီတွင်ပြုလုပ်မည်

ဘာရိန်းဘောလုံးသမား ဟာကင်းမ် အယ်လ် အရိုင်ဘီကို ပြစ်မှုကျူးလွန်ရာနိုင်ငံ လွှဲပြောင်းပေးမယ့် ကြားနာမှုကို ဧပြီလမှာ ပြုလုပ်ဖို့ ထိုင်းတရားရုံးက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအတွက် ဘောလုံးသမား ဟာကင်းမ် အယ်လ် အရိုင်ဘီဟာ နောက် ၂ လလောက် ထိုင်းအကျဉ်းထောင်မှာ ဆက်နေရမှာ ဖြစ်ပါတယ်။ ဟာကင်းမ်ဟာ ဘာရိန်းနိုင်ငံ နိုင်ငံရေး အရှုပ်အထွေးကနေ ထွက်ပြေးပြီး သြစတြေးလျမှာ ခိုလှုံနေတာ ဖြစ်ပါတယ်။ သြစတြေးလျဝန်ကြီးချုပ်နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဟာကင်းမ်ကို လွှတ်ပေးပြီး သြစတြေးလျနိုင်ငံ ပြန်ပို့ဖို့ ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်နဲ့ အနည်းဆုံး နိုင်ငံ ၁၃ ခုက သံတမန်တွေဟာ တရားရုံးကို ရောက်လာတဲ့ ဟာကင်းမ်ကို လာရောက်နှုတ်ဆက်ခဲ့ပါတယ်။ အကျဉ်းထောင် ဘတ်စ်ကားပေါ် တက်ချိန်မှာတော့ ဟာကင်းမ်က သူ့ကို ကယ်တင်ပါဆိုပြီး အကူအညီ တောင်းခံခဲ့ပါတယ်။ ဘာရိန်းဘောလုံးသမား ဟာကင်းမ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ထိုင်းနိုင်ငံကို ဟန်းနီးမွန်းထွက်ရင်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံ ဟာကင်းမ်က ဘာရိန်းပြန်ပို့ရင် သူဟာ ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
2 years Ago
Up