ထိုင်းတရားသူကြီး

May 10, 2019

ယာဉ်ထိန်းရဲကို ယာဉ်မောင်းလိုင်စင်မပြသည့် ထိုင်းတရားသူကြီးရုပ်သံ ဝေဖန်မှုမြင့်တက်

ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်ထဲမှာ တာဝန်အရ ယာဉ်မောင်းလိုင်စင် စစ်ဆေးတဲ့ ရဲဝန်ထမ်းကို ယာဉ်မောင်းလိုင်စင်မပြဘဲ သြဇာရှိသူဖြစ်ကြောင်း ပြောခဲ့တဲ့ တရားသူကြီးရဲ့ ရုပ်သံ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ရဲဝန်ထမ်းလောက ကနေတဆင့် လူမှုကွန်ရက်မှာ ပြန့်သွားတဲ့ အဲဒီဗွီဒီယိုဖိုင်ထဲမှာ တာဝန်ကျ ယာဉ်ထိန်းရဲတဦးက ဟွန်ဒါကားတစီးကို တားပြီး ယာဉ်မောင်းလိုင်စင် တောင်းကြည့်ခဲ့ပါတယ်။ ယာဉ်မောင်းက သူဟာ အမှတ် ၈ တိုင်းဒေသ တရားရုံးက တရားသူကြီးချုပ်ဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီးရဲ့ သူငယ်ချင်းဖြစ်ကြောင်း ပြောဆိုပြီး သွားလို့ရပြီလားလို့ မေးပါတယ်။ ယာဉ်ထိန်းရဲက ယာဉ်မောင်းလိုင်စင်ကို ဆက်တောင်းနေတာကြောင့် အဲဒီတရားသူကြီးက ကားပေါ်မှာ ဥပဒေနဲ့မကင်းတာ ဘာမှမပါကြောင်း၊ ဒါကို ရအောင်ရှာဖွေမလို့လားလို့ ပြောပြီး တာဝန်ကျရဲရဲ့ အမည်ကိုလည်း မေးမြန်းသွားပါတယ်။ အဲဒီဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ လူကြီးဖြစ်ရင်၊ လူကြီးနဲ့သိရင် ယာဉ်မောင်းလိုင်စင် ပြဖို့ မလိုဘူးလားလို့ မေးခွန်းထုတ်ပြီး ဝေဖန်မှု မြင့်တက်နေတာပါ။ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာတော့ အဲဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က နခွန်းဆီထမရတ်ခရိုင် ထုန့်ယိုင်မြို့ပေါ်မှာ ဖြစ်သွားတာလို့ ဆိုပါတယ်။ ဗွီဒီယိုဖိုင် ပြန့်သွားပြီးတဲ့နောက် အဲဒီနေ့က တာဝန်ကျတဲ့ ယာဉ်ထိန်းရဲတွေကို မြို့နယ်ရဲမှူးကြီးက ခေါ်စစ်ပြီး ယာဉ်မောင်းလိုင်းစင် တောင်းကြည့်တဲ့ ရဲတပ်ဖွဲ့ဝင်ကိုလည်း တာဝန်ရွှေ့ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီယာဉ်ထိန်းရဲဟာ ကားပေါ်က တိုင်းတရားသူကြီးကို မချေမငံ ပြောဆိုဆက်ဆံတဲ့ အတွက် ရွှေ့ပြောင်းလိုက်ရတာလို့ မြို့နယ်ရဲမှူးကြီး ချုတ်ဒီ ရတ်ဝပ်ထနဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီကိစ္စကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ သိရှိသွားပြီးတဲ့နောက် ဒီကိစ္စ ပြန်လည်စစ်ဆေးဖို့နဲ့ ရွှေ့ပြောင်းခံရတဲ့ ယာဉ်ထိန်းရဲကို မူလနေရာမှာ ပြန်လည်ခန့်ထားဖို့  သက်ဆိုင်ရာကို ညွှန်ကြားလိုက်ပါတယ်။ ဝန်ကြီးချုပ်က ပြောင်းရွှေ့ခံရတဲ့ ယာဉ်ထိန်းရဲကိုလည်း တာဝန်ကျေပွန်သူအဖြစ် ချီးမွမ်းကာ အားပေးစကားပြောဆိုပြီး မည်သူမဆို အမှန်တရားဘက်ကသာ ရပ်တည်ဖို့၊ မိမိဘက်က မှန်ကန်ရင် ဘယ်သြဇာအာဏာရှိသူကိုမှ ကြောက်ရွံ့ဖို့ မလိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ နောက်ဆက်တွဲ သတင်းအရတော့ တာဝန်ကျေ ယာဉ်ထိန်းရဲကို ပြောင်းရွှေ့ခဲ့တဲ့ မြို့နယ်ရဲမှူးကြီး ချုတ်ဒီဟာ မူလတာဝန်ကနေ ခရိုင်ရဲဌာနချုပ်ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့  ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြသွားပါတယ်။
2 years Ago
Up