ထိုင်းစစ်အုပ်ချုပ်ရေး

A d v e r t i s e m e n t With Us

May 24, 2016

ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများ ချီတက်ဆန္ဒပြ

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ မေလ ၂၂ ရက်က ဘန်ကောက်မြို့ပေါ်မှာ ချီတက် ဆန္ဒပြကြပါတယ်။ စစ်တပ်ကိုဆန့်ကျင်တဲ့ ပိုစတာတွေနဲ့ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး တမာဆတ်တက္ကသိုလ်ကနေ ဒီမိုကရေစီ ကျောက်တိုင်အထိ ချီတက် ဆန္ဒပြကြပါတယ်။ ဒီဆန္ဒပြပွဲကို စစ်တပ် အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့ နှစ်ပတ်လည်မှာ ပြုလုပ်တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ထိုင်းစစ်တပ်ဟာ ၂၀၁၄ မေလ ၂၂ ရက်နေ့မှာ ၀န်ကြီးချုပ် ယင့်လခ် ရှင်န၀ပ် အစိုးရဆီက အာဏာသိမ်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ်ကို စတင်ကျင့်သုံးတဲ့ ၁၉၃၂ ခုနှစ်နောက်ပိုင်း ၁၂ ကြိမ်မြောက် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မြို့တော်မှာ အ၀ါရောင်ဝတ်တွေ၊ အနီရောင်ဝတ်တွေက လနဲ့ချီ တလှည့်စီ ဆန္ဒပြတာကို အစိမ်းရောင်ဝတ် စစ်တပ်က အဆုံးသတ်ပေးလိုက်တာ ဖြစ်ပါတယ်။ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သြဂုတ်လ ၇ ရက်နေ့ကျရင် လူထုဆန္ဒခံယူဖို့ ရှိပါတယ်။ အတည်ဖြစ်ရင် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်ထဲမှာ ကျင်းပပေးမယ်လို့လည်း စစ်အစိုးရက ကတိပြုထားပါတယ်။
5 years Ago
Up