သြဂုတ် ၇ ရက်က ကျင်းပခဲ့တဲ့ ထိုင်းစစ်တပ်ရေးဆွဲတဲ့ အခြေခံဥပဒေကြမ်း လူထုဆန္ဒခံယူပွဲမှာ ထိုင်းလူထုက ပြတ်ပြတ်သားသား ထောက်ခံလိုက်ပါတယ်။
လာရောက်မဲပေးသူ ၆၀ ရာခိုင်နှုန်းကျော်က ဒီအခြေခံဥပဒေကြမ်းကို ထောက်ခံခဲ့ကြပြီး ဒီအခြေခံဥပဒေကြောင့် နိုင်ငံရေးတည်ငြိမ်မှု ပြန်ရရှိလာမယ်လို့ ပြောဆိုကြပါတယ်။
ဒီအခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်သူတွေကတော့ ဒီအခြေခံဥပဒေကို ကိုင်ပြီး စစ်တပ်က နိုင်ငံရေးမှာ ပိုပြီးချုပ်ကိုင်လာမယ်လို့ ပြောဆိုကြပါတယ်။
မဲပေးခွင့်ရှိသူထက် လာရောက်မဲပေးသူဦးရေ လျော့နည်းခဲ့ပေမယ့် လူထုဆန္ဒခံယူပွဲ အချက်တချက်ဖြစ်တဲ့ ထိုင်းစစ်တပ်က ခန့်အပ်တဲ့ အထက်လွှတ်တော်က ထိုင်းဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်မှုမှာ ပါဝင်ရမယ်ဆိုတဲ့ အချက်ကိုလည်း မဲပေးသူ ၅၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ပါတယ်။
ဒီလူထုဆန္ဒခံယူပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကိုလည်း ထိုင်းစစ်တပ်က ခွင့်မပြုခဲ့သလို ဒီအခြေခံဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်သူ ၁၀ ဦးကျော်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံရေးပါတီကြီးတွေကလည်း ဒီအခြေခံဥပဒေကြမ်းကို ပယ်ချထားကြပါတယ်။
လူထုဆန္ဒခံယူပွဲ ကျင်းပချိန်မှာ လုံခြုံရေးအင်အား ၂ သိန်းလောက် ချထားခဲ့ပြီး ဆန္ဒပြ ဖမ်းဆီးမှု သတင်းတွေလည်း မရရှိခဲ့ပါဘူး။
ထိုင်းတက္ကသိုယ်ကျောင်းသားတွေကတော့ ဒီအခြေခံဥပဒေကြမ်းကို ဆက်လက်ကန့်ကွက်သွားမှာဖြစ်ပြီး ပြန်ပြီးပြင်ဆင်ဖို့လည်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုကြပါတယ်။
5 years Ago