ထိုင်းစစ်တပ်အရာရှိ

April 13, 2018

ထိုင်းစစ်တပ်အရာရှိက အမျိုးသမီးတဦးအား ပါးရိုက်သည့်ရုပ်သံ ဝေဖန်မှုမြင့်တက်

ထိုင်းနိုင်ငံမှာ သူ့ကိုယ်သူ စစ်တပ်အရာရှိဆိုသူ အမျိုးသားတဦးက ယာဉ်စည်း ကမ်းမလိုက်နာတဲ့ အမျိုးသမီးတဦးကို ပါးရိုက်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ဝေဖန်မှုတွေ မြင့် တက်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ လွေးခရိုင်၊ ထာ့လိမြို့နယ်တွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာလို့ ထိုင်း ရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဆိုပါဒေသတွင်း ဈေးကြီးအနီးမှာ ရပ်ထားတဲ့ ကားတစီးနားကို အမျိုးသားတဦး ရောက်လာကာ ကားမောင်းသူအမျိုးသမီးနဲ့ အခြေအတင်စကားများခဲ့ကြတာ အဲဒီအမျိုးသားက အမျိုးသမီးကို ပါးရိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို Red Skull Uprising အမည်နဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အင် တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ အကောင့်ပိုင်ရှင်က ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာ“ ဒါကကျနော့်အိမ်ရှေ့မှာ ဖြစ်သွားခဲ့တာပါ။ သူ့ကိုယ်သူ စစ်တပ်အရာရှိလို့ပြောတဲ့အမျိုးသားက ကိုယ်ဝန်ဆောင်အမျိုးသမီးလို့ ယူဆရတဲ့ မိန်းကလေးကို ပါးရိုက်ခဲ့တာပါ။ မိန်းကလေးက ကားရဲ့ ဘယ်ဘက်အချက်ပြမီးမဖွင့်တဲ့အတွက် စကားများရာကစပြီး အခြေအတင် စကားများကြတယ်။ မိန်းကလေးက သူမှားတယ်လို့ တောင်းပန်နေတဲ့ကြားထဲက အရိုက်ခံခဲ့ရတာပါ” လို့ ရေးသားထားခဲ့တာပါ။ လက်ရှိမှာတော့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အဆိုပါ စစ်တပ် အရာရှိဆိုသူကို ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းရတ်ရုပ်သံသတင်းဌာနမှ ပါးရိုက်ခံရသူအမျိုးသမီးကို ဆက်သွယ်မေးမြန်းရာမှာတော့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးက အဲဒီကိစ္စဟာ ဧပြီလ ၁၀ ရက်နေ့မှာဖြစ်ခဲ့တာလို့ ဆိုပါတယ်။ သူဟာ ကားကို လမ်းမကြီးရဲ့ ဘယ်ဘက်ကို အနည်းငယ်ကပ်ပြီး လမ်းဘေးက ဈေးဆိုင်တဆိုင်ထဲက ပစ္စည်းခဏ၀င်ဝယ်တဲ့ အဒေါ်ကို စောင့်ဆိုင်းနေခဲ့ကြောင်း၊ အဲဒီအချိန်မှာ နောက်က ကားတစီးရောက်လာပြီး ကားဟွန်းကို အကျယ်ကြီးတီးခဲ့ကြောင်း၊ အဒေါ်က ရောက်မလာသေးလို့ သူလည်းဆက်သွားလို့မရဘဲရပ်နေရာမှာ နောက်ကားက ဘေးချင်း ယှဉ်ရောက်လာခဲ့ပြီး ကားမောင်းသူမှ မှန်တံခါးချကာ အချက်ပြမီးမဖွင့်ဘဲ ရပ်နေလို့ ဆဲဆိုကြိမ်းမောင်းခဲ့ချိန်မှာ သူလည်း ထိတ်လန်န့်ပြီး ဖုန်းနဲ့ ရိုပ်သံဗွီဒီယိုရိုက်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ပစ္စည်းဆင်းဝယ်တဲ့သူပြန်ရောက်လာလို့ ကားကို ဘယ်ဘက်ချိုး မောင်းနှင်ခဲ့ရာ ဆဲဆိုခဲ့သူရဲ့ကားက  နောက်ကလိုက်လာခဲ့လို့ သူကကားကိုရပ်ပြီး အော် ဟစ်တောင်းပန်ခဲ့ကြောင်း၊ ဒါပေမယ့် ကားမောင်းသူက သူမထံလျှောက်လာပြီး ခုနက ဗွီ ဒီယိုရိုက်တဲ့ကိစ္စအပေါ် မကျေနပ်လို့ထပ်မံစကားများခဲ့ရကြောင်း၊ သူက အဲဒါကို ဗွီဒီယို ထပ်ရိုက်ချိန်မှာတော့ အဆိုပါအမျိုးသားက သူ့ရဲ့ ဖုန်းကို လက်နဲ့ပုတ်ချပြီး ဘယ်ဘက်ပါးကို နှစ်ချက်ပြန်ချခဲ့ကြောင်း၊၊ သူ့ကိုယ်သူလည်း စစ်တပ်အရာရှိကို ဘာမှတ်နေလဲလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသားက ဆက်ပြီး ရန်ပြုမယ့်ပုံပေါ်တာကြောင့် သူမအဒေါ်က အနီးနားပတ် ၀န်းကျင်က လူတွေကို အကူအညီတောင်းခဲ့ရကြောင်း၊ အဲဒီအချိန်မှာ အမျိုးသားတဦးနဲ့ ရဲတစ်ဦးရောက်လာပြီး ဖြန်ဖြေကာ အဆိုပါစစ်တပ်အရာရှိလို့ဆိုသူ ပြန်လည်ထွက်ခွာ သွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီကိစ္စအပေါ် အမျိုးသမီးဘက်မှ ဆွေမျိုးတွေက မကျေနပ်လို့ မြို့နယ်ရဲစခန်းကို သွားရောက်တိုင်ချက်ဖွင့်ခဲ့ကြောင်း၊ ရဲစခန်းက  စုံစမ်းချက်အရ ပါးရိုက်တဲ့ အမျိုးသားက အမှန်တကယ်လေတပ်ဗိုလ်တဦးဖြစ်ကာ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရဲစခန်းမှာ လာရောက်ဖြေရှင်းဖို့ ရဲတပ်ဖွဲ့က အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up