ထိုင်းနိုင်ငံ စုန်ခလခရိုင်၊ ဟက်ရိုင်ဒေသမှာ ဇန်နဝါရီ ၁၄ ကလေးများနေ့အထိမ်းအမှတ် တိုက်ဂျက်လေယာဉ် ပျံသန်းမှု ပြပွဲပြုလုပ်စဉ် လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်မောင်းသူ သေဆုံးခဲ့ပါတယ်။
တိုက်လေယာဉ်အမှတ် Jas 39C အမျိုးအစား လေယာဉ်ဟာ ရုတ်တရက်တိုက်ခတ်မှုဆိုတဲ့အကွက်ကို ပျံသန်းပြသစဉ် မနက် ၉ နာရီ ၂၇ မိနစ်မှာ လေယာဉ်ပြေးလမ်းပေါ်မှာ ပျက်ကျခဲ့ပြီး လေယာဉ်မောင်းသူ ပက်တာဗီ သေဆုံးခဲ့ရတာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
နောက် တစ်နာရီလောက်အကြာမှာတော့ ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့မီးကို အမြန်ဆုံးငြိမ်းသတ်ဖို့ လေယာဉ်ကွင်း မီးသတ်ကားတစ်စီးက အမြန်သွားရင်း တိမ်းမှောက်ခဲ့တယ်လို့လည်း သတင်းဌာနတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
လေယာဉ်ပြေးလမ်းကို ရှင်းလင်းဖို့အတွက် ဟတ်ရိုင်လေဆိပ်ကို ပိတ်လိုက်ရပါတယ်။ ပုံမှန်ပြေးဆွဲနေကျ လေယာဉ်တွေလည်း ခရက်ဘီလေဆိပ်ဘက်ကို လမ်းကြောင်းပြောင်း ပျံသန်းခဲ့ပြီး အထွက်လေယာဉ်တွေလည်း နောက်ကျနေတယ်လို့ သိရပါတယ်။ နေ့လယ်မတိုင်ခင် လေဆိပ်ကို ပြန်လည်ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ကြောင်း အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
ဘာကြောင့် လေယာဉ်ပျက်ကျတယ်ဆိုတာ စုံစမ်းဖို့ ကော်မတီတစ်ခုဖွဲ့မယ်လို့ လေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပွန်ဆက်က်ဆီမာချိုင်က ပြောလိုက်ပါတယ်။
သေဆုံးသူ လေယာဉ်မောင်းရဲ့ မိသားစုတွေထံသို့လည်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဝမ်းနည်းကြောင်း ပြောကြားတယ်လို့လည်း သိရပါတယ်။
6 years Ago