ထိုင်းကလေးသရုပ်ဆောင်

April 9, 2018

ထိုင်းကလေးသရုပ်ဆောင်ဟောင်း ကားတိုက်မှုဖြစ်ပြီး သေဆုံး

ထိုင်းကလေးသရုပ်ဆောင်ဟောင်း နာတနီချာ ချာ့ချုဘူပါဂရီ အသက် ၂၁ နှစ်ဟာ သူမရဲ့ ဘီအမ်ဒဗလျူကား ဝယ်စီးပြီးလို့ တနှစ်အကြာမှာ ဆိုးရွားတဲ့ ကားတိုက်မှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကလေးသရုပ်ဆောင်ဟောင်းက ၂၀၁၇ ခုနှစ် ဧပြီလ သူမ အသက် ၂၀ အရွယ်မှာ ဘီအမ်ဒဗလျူ အိတ်စ်ဝမ်း ဇိမ်ခံကားအဖြူရောင်ကို ဝယ်ခဲ့ပြီး မကြာခင်မှာပဲ သူမရဲ့ကားဘေးမှာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ပါသေးတယ်။ နာတနီချာဟာ ဘန်ကောက်မြို့အနီး ဖရာနက်ခွန်စီ အယုဒ္ဒယနားမှာ ဧပြီ ၈ ရက် မနက်က ကားမောင်းပြီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်တိုက်မိခဲ့တာပါ။ သူမက မိုးသည်းနေချိန်မှာ ကားမောင်းခဲ့တာဖြစ်ပြီး အရှိန်မြှင့် မောင်းခဲ့တာဖြစ်မယ်လို့ ရဲတွေက ပြောပါတယ်။ ကယ်ဆယ်ရေးတွေက ဟိုက်ဒရောလစ် ဖြတ်စက်သုံးပြီး သွေးတွေဖုံးနေတဲ့ ကားအပျက်အစီးထဲကနေ နာတနီချာကို ကယ်တင်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာတွေကြောင့် အဲဒီနေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။ သူမဟာ ကလေးသရုပ်ဆောင်အနေနဲ့ စီးပွားရေးကြော်ငြာတွေနဲ့ ရုပ်သံတွေမှာ ပါဝင်ခဲ့ပြီး ဖျော်ဖြေရေးကဏ္ဍမှာ ဆက်လက်လုပ်ဆောင်ကာ ပေါ့ပ်သီချင်းခွေ ၃ ခွေလည်း ထုတ်ခဲ့ပါသေးတယ်။ ကားဟာ လမ်းပေါ်က မြက်ပင်တွေကို အရှိန်နဲ့ ဖြတ်မောင်းပြီးတဲ့နောက် သစ်ပင်ကို ဝင်တိုက်လိုက်တာပါ။ ကားတိုက်မှုနဲ့ပတ်သက်လို့ ရဲတွေက စုံစမ်းနေပြီး “ကားက ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ ရဲတပ်ဖွဲ့ဝင်တွေလည်း ထပ်စုံစမ်းနေတယ်။ သေဆုံးသူရဲ့ ဆွေမျိုးတွေကို အကြောင်းကြားထားတယ်” လို့ ရဲတွေကပြောကြောင်း ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up