ထိုင်းကလေးငယ်များ

July 12, 2018

လိုဏ်ဂူတွင်း ပိတ်မိခဲ့သည့် ထိုင်းကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ကြုံတွေ့နိုင်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့က ခွန်နမ့်ဒွိုင်နန်းနွန်းဂူထဲမှာ ၁၅ ရက်ကျော် ပိတ်မိနေခဲ့တဲ့ ကလေးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ King’s College London တက္ကသိုလ်က စိတ်ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ King’s College London က ကုခန်းစိတ်ပညာရှင် ဒေါက်တာ အန်ဒရေယယ် ဒနေစာ (Andrea Danese) က “ကျနော့်အထင်တော့ ကလေးအားလုံး မဟုတ်ပေမယ့် တော်တော်များများမှာ စိတ်ထိခိုက်ခံစားခဲ့ရတဲ့ ဝေဒနာမျိုး ဂူထဲမှာကတည်းက ကြုံတွေ့ခံစားရပြီး အပြင်ရောက်တော့လည်း ဆက်ပြီး ရှိနေနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးက ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ထိတ်လန့်ဖွယ် အတွေ့အကြုံတွေကို ခန္ဓာကိုယ်က ပြန်လည်တုံ့ပြန်တဲ့အခါ အဲဒီလို စိတ်ထိခိုက်မှုမျိုး ဖြစ်တတ်ပါတယ်” လို့ ပြောပါတယ်။ စိတ်ပညာရှင်တဦးရဲ့ အမြင်အရ ကလေးတွေဟာ သီးခြားနေခဲ့ကြတာ မဟုတ်ဘဲ နည်းပြနဲ့အတူ တပေါင်းတစည်းတည်း နေခဲ့ရတဲ့အချက်က ကလေးတွေရဲ့စိတ်ဓာတ်ကို မြင့်တက်စေတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး အတွေ့အကြုံမျိုး သိပ်ပြင်းထန်ရင်တော့ သူ့တို့ရဲ့ ဦးနှောက်ကိုတောင် အပြောင်းအလဲ ဖြစ်သွားစေနိုင်ပြီး သူတို့ရဲ့ အပြုအမူတွေဟာလည်း ပြောင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ “ဒီလိုမျိုး တွေ့ကြုံခဲ့ရသူတွေဟာ ဘဝမှာ မစွန့်စားရဲတော့တဲ့ စိတ်မျိုးလည်း ဝင်ကောင်း ဝင်သွားနိုင်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့လည်း သူများတွေ မလုပ်နိုင်ဘူးလို့ ထင်တဲ့အရာကို အောင်မြင်အောင်လုပ်နိုင်တဲ့ အခါမျိုးမှာဆိုရင် သူတို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို မြင့်တက်လာစေပါတယ်” လို့ King’s College London စိတ်ကျန်းမာရေးဆိုင်ရာ စိတ်ပညာရှင် နီးလ်ဂရင်းဘတ်ခ် (Neil Greenberg) က ပြောကြားသွားတာပါ။ လက်ရှိအချိန်မှာတော့ ကလေးတွေကို ဆေးရုံက မှန်လုံခန်းထဲမှာ သီးခြားထားပြီး ဆေးဝါးကုသပေးနေပါတယ်။ ကလေးတွေရဲ့ မိဘတွေဟာလည်း မှန်ကနေတဆင့် ကလေးတွေကို မြင်တွေ့ခွင့်ရပြီး တယ်လီဖုန်းနဲ့သာ စကားပြောခွင့် ပေးထားတယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up