ထိုင်ဝမ်ရေလက်ကြား

March 26, 2019

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘော ဖြတ်မောင်းခဲ့သည့်အတွက် မကျေနပ်ဟု တရုတ် ပြော

အမေရိကန် စစ်သင်္ဘောတစီး ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့တဲ့အတွက် တရုတ်အစိုးရက မကျေနပ်ကြောင်း အမေရိကန်အစိုးရကို ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင်းက မတ်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးကို ထိခိုက်မှု ရှောင်ရှားဖို့နဲ့ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် ထိုင်ဝမ်အရေးကို သင့်တော်အောင် သတိရှိရှိကိုင်တွယ်ဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းတယ်လို့ တရုတ်မြို့တော် ဘေကျင်းက ပုံမှန် သတင်းစာရှင်းလင်းပွဲ အတွင်း ဂန်ရှောင်းက ပြောပါတယ်။ အမေရိကန်အစိုးရဟာ ရေတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်တွေက သင်္ဘောတွေကို ထိုင်ဝမ်ရေလက်ကြားဆီ မတ်လ ၂၄ ရက်က စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ တရုတ်ရဲ့ ကန့်ကွက်မှုတွေ ရှိနေပေမယ့် ဗျူဟာမြောက် ရေလက်ကြားတလျှောက် အမေရိကန်ရဲ့ လှုပ်ရှားမှုတွေ တိုးနေတာပါ။ ရေတပ် ဖျက်သင်္ဘော ကားတစ်စ် ဝီလ်ဗာနဲ့ ကမ်းရိုးတန်းစောင့် ဖျက်သင်္ဘော ဘာသို့ဖ်တို့ ခုတ်မောင်းခဲ့တာလို့ အမေရိကန်စစ်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အဆင့်မြင့်အရာရှိအဆင့် ကုန်သွယ်ရေး ဆွေးနွေးပွဲကို ဒီသီတင်းပတ် နှောင်းပိုင်းမှာ တရုတ်မြို့တော် ဘေကျင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ တရုတ်နဲ့ ကုန်သွယ်ရေး ညှိနှိုင်းမှုတွေ အခြေအနေ တိုးတက်နေပြီး နောက်ဆုံး သဘောတူညီချက်တွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ကုန်စည်တွေကို ထပ်ဆောင်းခွန် ဆက်ကောက်ခံဖို့ ဆော်သြချက်ဟာ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ အခြေအနေမကောင်းတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့လည်း ထရမ့်က ပြောပါတယ်။
3 years Ago
Up