ထိုင်ဝမ်သမ္မတရုံး

August 19, 2017

ထိုင်ဝမ်သမ္မတရုံး အဆောက်အအုံအပြင်ဘက်တွင် ဆာမူရိုင်းဓားကိုင် တိုက်ခိုက်မှုဖြစ်

ထိုင်ဝမ်သမ္မတရုံးအဆောက်အအုံအပြင်ဘက်မှာ ဆာမူရိုင်းဓားကိုင် တိုက်ခိုက်မှု ဖြစ်ခဲ့လို့ ရဲတဦး ဒဏ်ရာရရှိခဲ့ပြီး ဓားကိုင်တိုက်ခိုက်ခဲ့သူကို တိုင်ပေမြို့တော်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ မျိုးရိုးအမည် လူလို့ခေါ်တဲ့ အမျိုးသားတဦးက ရှေးဟောင်းပြတိုက်မှ ဆာမူရိုင်းဓားတလက် ခိုးယူခဲ့ပြီးနောက် တရုတ်အလံကိုင်ဆောင်ကာ သူက သူ့ရဲ့နိုင်ငံရေးအမြင်ကို ထုတ်ဖော်ပြသတာလို့ ရဲကို ပြောခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ အစောင့်ရဲကို ဆေးရုံပို့ဆောင်ခဲ့ပြီး ခုချိန်မှာ အခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။ အသက် ၅၁ နှစ်အရွယ် လူက ဆာမူရိုင်းဓားကို ခိုးယူဖို့ သမိုင်းဝင်ပြတိုက်ထဲက ဓားပြသထားတဲ့ မှန်ပုံးကို တူတချောင်းနဲ့ ခွဲခဲ့တယ်လို့ ရဲတွေကို ပြောကြောင်း ရဲအရာရှိတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ လူက သမ္မတရုံးစိုက်ရာ နန်းတော်ကို ဝင်ရောက်ဖို့ ကြိုးစားခဲ့လို့ လုံခြုံရေးတွေက ရပ်တန့်တားမြစ်ခဲ့ရာမှာ လုံခြုံရေးတဦးရဲ့ ပခုံးကို ဓားနဲ့ ထိုးခဲ့တာလို့ လုံခြုံရေးရဲတွေက ပြောပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်နဲ့ လုပ်ရပ်က ဘာကြောင့်ဆိုတာ ရှင်းရှင်းလင်းလင်း မသိပေမယ့် ကျောပိုးအိတ်ထဲမှာ တရုတ်နိုင်ငံတော်အလံကို တွေ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဓားကိုင် လာရောက်တိုက်ခိုက်ချိန်မှာ သမ္မတရုံးစိုက်ရာ နန်းတော်ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အခမ်းအနား ကျင်းပနေတယ်၊ လုံခြုံရေးဝန်းထမ်းတွေရဲ့ လုပ်ရပ်အတွက် ကျေးဇူးတင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။ “သူ ဓားကိုင်ပြီး အထဲကို ဝင်သွားနိုင်ရင် ဘာတွေဖြစ်မလဲဆိုတာ  စိတ်တောင် မကူးရဲဘူး” လို့ ဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ကြောင်း ဘီဘီစီသတင်းမှာ သြဂုတ် ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up