ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမြို့ ဟွားလျန်မြို့ကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၁ ရှိတဲ့ ငလျင်တရပ် ဒီနေ့မွန်းလွဲ တနာရီလောက်က လှုပ်ခတ်ခဲ့ပါတယ်။
ဒါကြောင့် မြို့တော် တိုင်ပေက မြေအောက်ရထားဝန်ဆောင်မှု ယာယီရပ်သွားခဲ့ပြီး အဆောက်အဦတွေ ယိမ်းခါကုန်ပါတယ်။
ဒါပေမယ့် ဆိုးရွားတဲ့ ပျက်စီးမှုနဲ့ လူအသေအပျောက် စာရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။
စက်မှုဖွံ့ဖြိုးတဲ့ ထိုင်ဝမ်ကျွန်းမှာ ဒီနှစ်အတွင်း အင်အားအပြင်းဆုံး ငလျင်လှုပ်အပြီး ကျောင်းသူ ကျောင်းသားတွေကို အဆောက်အဦတွေဆီကနေ ဘေးကင်းရာ ရွှေ့ပေးခဲ့တယ်လို့ မိုးလေဝသဗျူရို အရာရှိတဦးက ပြောပါတယ်။
တိုင်ပေမြို့တော်ရဲ့ တချို့မြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အသေးစား ဖြစ်ခဲ့တယ်လို့ ဗဟိုသတင်းဌာနက ပြောပါတယ်။
ရေနံချက်စက်ရုံတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ အစိုးရက ပြောပါတယ်။
ငလျင်အပြီးမှာ ကပ်ဘေးတုံ့ပြန်ရေးဌာနကို ဖွဲ့စည်းခဲ့တယ်လို့ မိုးလေဝသဗျူရိုက ပြောပါတယ်။
လူနေကျဲပါးပြီး တောင်ထူတဲ့ ကျွန်းအရှေ့ပိုင်းတလွှား မြေပြိုမှု တခုထက်မနည်း ဖြစ်ခဲ့တာကို ထိုင်ဝမ်ရုပ်သံတွေက ပြသပါတယ်။
2 years Ago