ထုတ်ပြန်

October 10, 2020

မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးအား ပြန်ပေးဆွဲရန်ကြံစည်မှုဖြင့် အဖမ်းခံရသူ ၉ ဦးဓာတ်ပုံ ထုတ်ပြန်

မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲဖို့ ကြံစည်တဲ့ စွဲချက်တွေနဲ့ အဖမ်းခံရသူ ၉ ယောက်ရဲ့ ဓာတ်ပုံတွေကို ဒေသအာဏာပိုင်တွေက အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။  ဒါ့အပြင် တခြား ၄ ယောက်ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ မကြာသေးခင်ကပဲ အမေရိကန်ပြည်တွင်းလုံခြုံရေးအဖွဲ့က ပြည်တွင်းအကြမ်းဖက် အစွန်း ရောက်တွေဟာ ရွေးကောက်ပွဲနဲ့ ဆက်နွှယ်တဲ့ ပစ်မှတ်တွေကို ခြိမ်းခြောက်နိုင်တယ်ဆိုပြီး သတိပေးထားတာပါ။   ပြီးခဲ့တဲ့လမှာပဲ အက်ဖ်ဘီအိုင်ညွှန်မှူး ခရစ္စတိုဖာရေးက အက်ဖ်ဘီအိုင်ဟာ လူဖြူကြီးစိုးရေး ဝါဒီတွေနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုတွေအပါအဝင် ပြည်တွင်းအစွန်းရောက်တွေကို စုံစမ်း ထောက်လှမ်းခဲ့တယ်လို့ ပြောပါတယ်။  အခုဖမ်းဆီးခံရတဲ့ထဲက ၆ ယောက်ဟာ ပြည်နယ်အုပ်ချုပ်ရေးကို ပြန်ပေးဆွဲဖို့ ကြံစည်တာ ပြစ်မှု ထင်ရှားရှင် ထောင်ဒဏ် တသက်တကျွန်းအထိ ကျခံရနိုင်ပါတယ်။   တခြား ၇ ယောက်ကိုလည်း  ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲရာမှာ ပူးပေါင်း ကြံစည်ပြီး အကြမ်းဖက်ဆန့်ကျင်ရေးအက်ဥပဒေကို ချိုးဖောက်တဲ့ စွဲချက်တွေနဲ့  မစ်ရှီဂန်ပြည်နယ် ရှေ့နေချုပ်က စွဲချက်တင်ခဲ့ပါတယ်။
9 months Ago

ခါရာဘတ်ခ်တွင် သိမ်းပိုက်ခဲ့သည့် နေရာနှင့်တင့်ကားများကို အဇာဘိုင်ဂျန်စစ်တပ် ထုတ်ပြန်

တိုက်ပွဲတွေ ဖြစ်နေတဲ့ ခါရာဘတ်ခ် ပဋိပက္ခအတွင်း သိမ်းပိုက်ရရှိတဲ့ တင့်ကားတွေနဲ့ နေရာတွေကို ပြသတဲ့ ဗွီဒီယိုကို အဇာဘိုင်ဂျန် စစ်တပ်က အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဗွီဒီယိုထဲမှာ နာဂေါ်နိုခါရာဘတ်ခ် အမှတ်တံဆိပ်နဲ့ တင့်ကားတွေကို စစ်သားတွေက အဇာဘိုင်ဂျန် အလံတွေတပ်ပြီး မောင်းနှင်သွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် လူမရှိတော့တဲ့ စခန်းတစ်ခုကို စစ်သားတွေ စစ်ဆေးနေတာကိုလည်း တွေ့ရပါတယ်။  အဇာဘိုင်ဂျန် နယ်မြေဖြစ်တဲ့ နာဂေါ်နိုခရာဘတ်ခ် ဒေသမှာ စက်တင်ဘာ ၂၇ ရက်က စလို့ တိုက်ပွဲတွေ စတင်ခဲ့တာပါ။ တိုက်ပွဲတွေဟာ ၁၉၉၀ စစ်ပွဲနောက်ပိုင်း အဆိုးဆုံး အဆင့်ကို ရောက်လာခဲ့ပါတယ်။ ၁၉၉၀ တုန်းကလည်း နာဂေါ်နိုခရာဘတ်ခ်ဒေသမှာ အဇာဘိုင်ဂျန်တပ်တွေနဲ့ အာမေးနီးယားတပ်တွေ စစ်ဖြစ်ခဲ့ပြီး လူ ၃၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။
9 months Ago

September 29, 2020

နျူကလီးယားစွမ်းအင် စွန့်ပစ်ပစ္စည်းများ သိုလှောင်ရန် နေရာစာရင်း ဂျာမနီအစိုးရ ထုတ်ပြန်

ဂျာမနီအစိုးရက နျူကလီးယားစွမ်းအင် မသုံးတော့ဘဲ ရပ်တန့်ဖို့ အစီအစဉ်ရဲ့ အစိတ်အပိုင်းအနေနဲ့ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းတွေကို သိုလှောင်ဖို့ အလားအလာရှိတဲ့ နေရာတွေ စာရင်းကို စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ နျူကလီးယားစက်ရုံတွေက ယာယီသိုလှောင်ရေးနေရာတွေမှာ ထိန်းသိမ်းထားတဲ့ စွန့်ပစ်ပစ္စည်းတွေကို အပြီးသတ် သိုလှောင်ရေးအတွက် ၂၀၃၁ ကနေ ၂၀၅၀ ခုနှစ်ကြားမှာ သုံးမယ့် စာမျက်နှာ ၄၄၄ မျက်နှာရှိတဲ့ စွန့်ပစ်နေရာစာရင်းကို ဂျာမန်ပြည်ထောင်စုအေဂျင်စီ (BGE) က ထုတ်ဝေဖြန့်ချိပါတယ်။ ဆက်ဇိုနီ၊ ဘာဗားရီးယား၊ ဘာဒန်ဝုဒ်တန်ဘာ့ဂ်နဲ့ အရှေ့ဂျာမနီက ပြည်နယ်တွေရဲ့ အစိတ်အပိုင်းတွေ အပါအဝင် နေရာ ၉၀ ကို နျူကလီးယား စွန့်ပစ်ပစ္စည်းတွေ သိုလှောင်ဖို့ အလားအလာရှိတဲ့ သင့်တော်တဲ့နေရာအဖြစ် တွေ့ထားပါတယ်။ ဂျာမန်ပိုင်နက် နယ်မြေ ၅၄ ရာခိုင်နှုန်းပါပြီး (BGE) က ဆောင်ရွက်တဲ့ ကနဦး မြေပုံထုတ်မှုဟာ စိတ်ကျေနပ်စရာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ နျူကလီးယား စွန့်ပစ်ပစ္စည်းတွေကို သိုလှောင်ဖို့နေရာ ရွေးချယ်ရာမှာ နိုင်ငံရေး သြဇာလွှမ်းမှုမပါဘဲ သိပ္ပံပညာကိုသာ အခြေပြုသတ်မှတ်မှာဖြစ်ပြီး စံသတ်မှတ်ချက်တွေထဲမှာ ဂရက်နိုက်ကျောက်၊ မြေသားဖွဲ့စည်းပုံ၊ ခရစ္စတယ်လိုင်း၊ ရွှံ့ကြောမြေလွှာနဲ့ ဆားပါဝင်နှုန်းတွေကို ဖော်ထုတ်ဖို့ အချိန် ၃ နှစ်ယူမယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။ ကနဦး ရွေးချယ်ထားတဲ့ ဘယ်နေရာကိုမှ မဆုံးဖြတ်ရသေးဘူးလို့ BGE ရဲ့ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
9 months Ago
More News
Up