ထုတ်ပယ်ခံရ

May 27, 2020

မင်နီဆိုးတားပြည်နယ်၌ လူမည်း ၁ ဦးကို ဖမ်းဆီးစဉ် သေဆုံးမှုဖြင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ထုတ်ပယ်ခံရ

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်မှာ ရဲတပ်ဖွဲ့ဖမ်းဆီးမှုအတွင်း လက်နက်မဲ့ လူမည်းတစ်ယောက် သေဆုံးခဲ့ပြီးနောက် မေ ၂၆ ရက်က ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဘေးကရပ်ကြည့်သူတယောက် ဖုန်းနဲ့ ရိုက်ထားတဲ့ ဗွီဒီယိုထဲမှာ လူမည်းရဲ့ လည်မျိုကို ရဲတပ်ဖွဲ့ဝင်တယောက်က ဒူးနဲ့ ဖိထားခဲ့ပြီးနောက် အဲဒီလူမည်းဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် မြို့တော်ဝန် ဂျက်ကော့ဖရေးက ဖမ်းဆီးမှုမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို  ရာထူးက ထုတ်ပယ်ခဲ့တယ်လို့ တွစ်တာမှာ ကြေညာခဲ့ပါတယ်။ လူမည်း သေဆုံးရတဲ့အကြောင်းရင်းကို အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးနေတယ်လို့  မီနီယာပိုလစ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။  မကြာသေးခင်နှစ်တွေက ရဲတွေပါဝင်တဲ့ လူမည်းတွေကို ပစ်ခတ်မှု၊ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်ခဲ့ပြီး “လူမည်းတွေရဲ့ အသက်တွေလည်း  အရေးကြီးတယ်” ဆိုတဲ့ လှုပ်ရှားမှု  ပေါ်ပေါက်ခဲ့ပါတယ်။    အဲဒီလှုပ်ရှားမှုက လူနည်းစုအသိုက်အဝန်းတွေမှာ မတရားသဖြင့် လူသေစေနိုင်တဲ့ အင်အားအသုံးပြုမှုကို အဆုံးသတ်ဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ ရိုက်တာသတင်းက  ရေးပါတယ်။ 
11 months Ago

January 14, 2020

ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီ ထုတ်ပယ်ခံရ

နည်းပြ အာနက်စတိုဗယ်ဗာဒီကတော့ ဘာစီလိုနာအသင်းကို ၂ နှစ်ခွဲအကြာ ကိုင်တွယ်ခဲ့ပြီးနောက်မှာတော့ မနေ့ကပဲ ရာထူးက ထုတ်ပယ်ခံလိုက်ရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နည်းပြတဦးကို ရာသီဝက်မှာ ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗယ်ဗာဒီရဲ့နေရာမှာ အစားထိုးဖို့အတွက် လာလီဂါ အတွေ့အကြုံရင့် နည်းပြတဦးဖြစ်တဲ့ ဘက်တစ်အသင်းရဲ့နည်းပြဟောင်း အန်းနရစ်ဆက်တီယန်နဲ့ အစားထိုးဖို့ ချိတ်ဆက်ထားပြီး မကြာသေးခင်က အင်္ဂလန်ကလပ် ဝက်ဖိုဒ့်အသင်းနဲ့ ချိတ်ဆက်ထားတဲ့ နည်းပြလည်း ဖြစ်ပါတယ်။ အစောပိုင်းက အသင်းရဲ့ ကစားသမားဟောင်း ဇာဗီကို နည်းပြရာထူးအတွက် ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရလို့ ဆက်တီယန်ကို ရည်ရွယ်ထားတာ ဖြစ်ပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြဟောင်း အာဂျင်တီးနားသား ပိုချက်တီနိုကိုလည်း ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။ ဗယ်ဗာဒီ ကိုင်တွယ်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ လာလီဂါမှာ ထိပ်ဆုံးက ရပ်တည်နေသလို ချန်ပီယံလိဂ်မှာ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းထားနိုင်ပါတယ်။ ထုတ်ပယ်ခဲ့တဲ့ အကြောင်းပြချက်နဲ့ ပတ်သက်လို့တော့ ဗယ်ဗာဒီအနေနဲ့ ဥရောပ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မသေချာလို့ လမ်းခွဲခဲ့တာ ဖြစ်ကြောင်း ဘာစီလိုနာအသင်းဘက်က ထုတ်ပြန်ထားပါတယ်။
1 year Ago
Up