ထုတ်ပြန်ကြေညာထားသည့် အခြေခံမဲစာရင်းများတွင် အမှားအယွင်းပေါင်းစုံပါဝင်နေ

July 18, 2015

မဲစာရင်း အချက်အလက်မှားလည်း မဲပေးနိုင်

မဲစာရင်းအချက်အလက် မှားယွင်းတာနဲ့ မဲပေးခွင့် မဆုံးရှုံးနိုင်ဘဲ မဲစာရင်းမှာ နာမည် မပါမှသာ မဲပေးခွင့် ဆုံးရှုံးမယ်လို့ ရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် မဲပေးသူအမှန်ဖြစ်တယ်လို့ တာဝန်ခံပြောမယ့်သူရှိရင် မဲပေးလို့ရကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်စိုးက မဲစာရင်းအချက်အလက်မှားလည်း မဲပေးခွင့်ရှိတဲ့အကြောင်း အခုလို ရှင်းပြပါတယ်။ “မဲစာရင်းတွေ မှားယွင်းလို့ရှိရင် မဲပေးခွင့် ဆုံးရှုံးသွားမယ်လို့ ပြောနေကြတာ မဟုတ်ပါဘူးခင်ဗျ။ တော်တန်ရုံချို့ယွင်းနေတာ ဥပမာ ဦးသိန်းထိုက်က ဦးသောင်းထိုက် ဖြစ်ရင် ဖြစ်နေမှာပေါ့လေ၊ စသဖြင့် နာမည်မှားတာ ရှိတယ်၊ မှတ်ပုံတင် မှားတာ ရှိတယ်။ အဲ့သလို မှားတာရှိရင် ကော်မရှင်ထံတင်ပြလာရင် ကော်မရှင်က ပြင်ပေးလို့ ရပါတယ်။ မဲပေးတဲ့သူက မှန်တယ်၊ ဒီလူပဲ၊ ချို့ယွင်းချက်တချို့ ရှိတယ်ဆိုရင် ရာအိမ်မှူးတို့၊ ဆယ်အိမ်မှူးတို့ ရပ်ကွက်အထောက်အကူပြုအဖွဲ့တို့ ရပ်မိရပ်ဖတို့က ဒီလူမှန်ပါတယ်ဆိုရင် အဲ့ဒီလူ မဲပေးခွင့် မဆုံးရှုံးအောင် လုပ်ပေးဖို့ပါ။” မဲစာရင်းမှာ မိမိနာမည် ပါ မပါ သွားကြည့်ထားဖို့တော့ လိုမယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ ၅၀ (ဂ) မှာလည်း အမည် သို့မဟုတ် နေရပ်နဲ့ စပ်လျဉ်းတဲ့ ဖော်ပြချက်မှာ အနည်းငယ်မှားယွင်းခြင်း၊ ချို့ငဲ့ခြင်း၊ ချွတ်ချော်ခြင်း ရှိသော်လည်း ထိုဖော်ပြချက်နဲ့ သက်ဆိုင်သူဟာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံ ပြောဆိုနိုင်သူရှိရင် ချို့ငဲ့ခြင်း၊ ချွတ်ချော်ခြင်းတို့ကို ပြင်ဆင်ရေးမှတ်ပြီး မဲပေးခွင့် ပြုရမယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ပြည်နယ်တိုင်းအလိုက် မဲစာရင်းထုတ်ပြန်ပေးနေရာမှာ အချက်အလက် မှားယွင်းမှုတွေ အမြောက်အမြားတွေ့ရှိရလို့ အကြီးအကျယ်ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ အဓိကအတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲစာရင်းစိစစ်တဲ့ လုပ်ငန်းကို အင်တိုက်အားတိုက် လုပ်ဆောင်နေပြီး ရွေးကောက်ပွဲကော်မရှင်နဲ့လည်း ပူးတွဲလုပ်ဆောင်ဖြေရှင်းနေတာ တွေ့ရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ ရက်ကျ နိုင်ငံတ၀န်း မဲဆန္ဒနယ်မြေ ၁၂၀၀ လောက်မှာ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကြေညာထားပါတယ်။
6 years Ago

July 5, 2015

ပြည်ပရောက် မြန်မာများ မဲစာရင်းစစ်ဆေးရာတွင် အခက်ကြုံ

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်ကြောင်း ထိုင်း၊ စင်ကာပူ၊ ၀ါရှန်တန်ဒီစီ အစရှိတဲ့ မြန်မာသံရုံးတွေက ထုတ်ပြန်ထားပေမယ့် ပြည်ပနိုင်ငံတွေရှိ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေအတွက် မဲစာရင်း စစ်ဆေးရာမှာ အခက်အခဲ ကြီးကြီးမားမား ရှိနေပါတယ်။ သံရုံးတွေရဲ့ ထုတ်ပြန်ချက်အရ  နိုင်ငံကူး လက်မှတ်၊ နိုင်ငံသားကတ်ရှိတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေက ထုတ်ပြန်ထားတဲ့ မဲစာရင်းမှာ နာမည်ပါ မပါ၊ အချက်အလက် မှန်မမှန်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် အရင်ဆုံး စစ်ဆေးရမှာဖြစ်ပါတယ်။ မဲစာရင်းမှာပါလာမှ "ပြင်ပရောက် ဆန္ဒမဲပေးခွင့် ပုံစံ(၁၅)" ကို သံရုံးဝက်ဘ်ဆိုဒ်တွေကနေ ရယူဖြည့်စွက်ပြီး နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မိတ္တူတွေနဲ့အတူ သက်ဆိုင်ရာ မြန်မာသံရုံးတွေကို ပေးပို့ရမှာဖြစ်ပါတယ်။ ဒါအပြင် ပြည်ပရောက် မြန်မာတွေအနေနဲ့ အင်တာနက်ကနေတဆင့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ၀ပ်ဆိုဒ် checkvoterlist.uecmyanmar.org မှာ ရှာဖွေရာမှာ အခုချိန်ထိ နာမည်မပါတာ၊ မြို့နယ်အလိုက် မပါရှိတာတွေ ဖြစ်နေရပြီး မဲစာရင်းပါအောင် သံရုံးကတဆင့် ဆက်လက် လုပ်ဆောင်လို့မရတဲ့အတွက် အခက်ကြံနေရပါတယ်။ ရွေးကောက်ပွဲကော်မရှင် ၀က်ဘ်ဆိုဒ်ကနေ မဲစာရင်းစစ်ဖို့ ကြည့်ရာမှာ တာမွေမြို့နယ်တခုလုံး စာရင်းမပါသေးတဲ့အတွက် ခုချိန်ထိ နာမည်ပါ မပါ မသိရသေးဘူးလို့ အရင် ၂၀၁၀၊ ၂၀၁၂ တွေတုန်းက မဲပေးခဲ့ပြီး အခုလက်ရှိ စင်ကာပူမှာ မိသားစုလိုက် နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ ကိုဖိုးသားက ပြောပါတယ်။ သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ အများစုရှိရာ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို ရောက်ရှိနေသူတွေထဲမျာလည်း အခြေခံမဲစာရင်း စစ်ဆေးဖို့၊ နာမည်ရှာမရရင် ဆက်လက်လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံက တိုင်း ၆ ခုနဲ့ ပြည်နယ် ၃ ခုမှာ အခြေခံ မဲစာရင်းတွေ ထုတ်ပြန်ထားတာ ဒီနေ့ ဇူလိုင် ၅ ရက်နေ့က နောက်ဆုံးနေ့ဖြစ်ပြီး မဲစာရင်းမှားယွင်းမှုတွေ များပြားနေတာကြောင့် ပြင်ဆင်ဖို့ ရက်ကိုတော့ အကန့်အသတ်မရှိ တိုးမြှင့်ထားပါတယ်။ ကြိုတင်မဲပေးမှုကို ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
6 years Ago
More News
Up