ထုတ်ပြန်ပေးမည်

January 29, 2018

ရခိုင်ပြည်နယ်ဆိုင်ရာ ပဏာမအကြံပြုချက်များ လပိုင်းအတွင်း ထုတ်ပြန်ပေးမည်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့အနေနဲ့ လာမယ့် နှစ်လ၊ သုံးလအတွင်း ပဏာမအကြံပြုချက်တွေ ထုတ်ပြန်ပေးနိုင်လိမ့်မယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဆူရာကီရတ်ဆတ်သီရာထိုင်း က ပြောပါတယ်။ ဇန်န၀ါရီ ၂၅ ရက်က ဒေါက်တာ ဆူရာကီရတ်ဆတ်သီရာထိုင်းနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံတုန်းပြောခဲ့တာဖြစ်ပြီး သူတို့အဖွဲ့အနေနဲ့  ဦးစားပေးဆောင်ရွက်ရမယ့်လုပ်ငန်းတွေ၊ လက်ရှိ လုပ်ငန်းစီမံကိန်းတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သင့်လုပ်ထိုက်တာ တွေကို အကြံပြုသွားမယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးအဖွဲ့ဟာ ဇန်န၀ါရီ ၂၂ ရက်ကနေ ၂၅ ရက်အထိ  ရခိုင်ပြည်နယ် မောင်တောဒေသနဲ့ ကျောက်ဖြူမြို့နယ်တို့ကို သွားရောက်ပြီး နယ်မြေအခြေအနေ လေ့လာခဲ့ကြပါတယ်။ ခရီးစဉ်အတွင်း ဘင်္ဂလာဒေ့ရှ်ဘက်ထွက်သွားသူတွေကို  ပြန်လည်စိစစ်လက်ခံရေး ပြင်ဆင်ထားရှိမှုတွေ လေ့လာခဲ့ကြသလို  ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ ၊ အစ္စလာမ်ဘာသာဝင်တွေနဲ့  ဟိန္ဒူဘာသာဝင်ရွာသားတွေကိုလည်း တွေ့ဆုံခဲ့ပြီး သဘောထား အမြင်များကိုလည်း မေးမြန်းသိရှိခွင့်ရခဲ့တယ်လို့လည်း  ဒေါက်တာ ဆူရာကီရတ်က မီဒီယာကို ပြောပါတယ်။ ဒါ့အပြင် သူက ဒေသတွင်းမှာ လုံခြုံရေးထားရှိတဲ့အတွက် ဘယ်လို ခြောက်လှန့်မှု အရိပ်အယောင်မှ မတွေ့ရဘဲ  ရွာသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ကြောက်ရွံ့ထိတ်လန့်တဲ့ အမူအရာတွေကို မတွေ့ခဲ့ရဘူးလို့လည်း ပြောပါတယ်။ အကြံပေးအဖွဲ့အနေနဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ဘယ်လိုအကြံဥာဏ်တွေကိုမှ အခုထိမပေးရသေးတဲ့အကြောင်း အဓိက လုံခြုံရေးပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့ ထောက်ပြပြီး အစိုးရအနေနဲ့ ဒေသတွင်းကို မီဒီယာဝင်ရောက် သတင်းယူခွင့်ပေးဖို့လည်း တိုက်တွန်း ပြောကြားပါတယ်။ တခါ အကြံပေးအဖွဲ့က ရပ်စဲခံရတဲ့အမေရိကန်အမတ် ဘေးရစ်ချတ်ဆန်ပြောသလို အကြံပေးအဖွဲ့က မြန်မာအစိုးရကို ဖုံးဖိ ပေးနေတယ်၊ ကာကွယ်ပေးနေတယ်ဆိုတာ မမှန်ဘူးလို့လည်း  သတင်းသမားတွေကို သူက ပြော ပါတယ်။ အကြံပေးအဖွဲ့အနေနဲ့  မြန်မာအစိုးရကို ဦးဆောင်လိုတဲ့ ဆန္ဒမရှိသလို နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ဦးစီးဦးဆောင်ဖို့ သဘောထားမရှိဘူး။ အလားတူ အဖွဲ့ဟာ မြန်မာအစိုးရရဲ့ အာဘော်မဟုတ်သလို နိုင်ငံ တကာ အသိုက်အဝန်းရဲ့ အာဘော်လည်း မဟုတ်ဘူးလို့ပြောပါတယ်။ အကြံပေးအဖွဲ့ဟာ လွတ်လပ်ပြီး ဘက်လိုက်မှု ကင်းတဲ့ ၊ သိက္ခာသမာဓိရှိတဲ့ နိုင်ငံတကာနဲ့ မြန်မာ နိုင်ငံက အကြံပေးပညာရှင်ကြီးတွေ ပါဝင်တဲ့အဖွဲ့ ဖြစ်တယ်လို့လည်း အကြံပေးအဖွဲ့ခေါင်းဆောင်က မီဒီယာကို ပြောပါတယ်။ ပြည်တွင်း ပြည်ပက ကျွမ်းကျင်သူ ၁၀ ဦး ပါဝင်တဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို ၂၀၁၇ ဒီဇင်ဘာမှာ  မြန်မာအစိုးရက ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပါတယ်။ အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့  အမေရိကန် အုပ်ချုပ်ရေးမှူးဟောင်း ဘေးလ်ရစ်ချတ်ဆန်ကတော့  အကြံပေးအဖွဲ့ဟာ ရိုဟင်ဂျာအရေး ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲပြီး အဖွဲ့ဝင်အဖြစ်က နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။
3 years Ago

November 18, 2017

ကာကွယ်ဆေးထိုးပြီး ကျောင်းသူသေဆုံးခဲ့မှု စစ်ဆေးချက်အဖြေ ထုတ်ပြန်ပေးမည်

ကာကွယ်ဆေးထိုးပြီးနောက် ကျောင်းသူတယောက်သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရိမ်မလွန်ဖို့နဲ့ စစ်ဆေးတွေ့ရှိတဲ့ အဖြေတွေကို ထုတ်ပြန်ပေးသွားမယ်လို့ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းက ထုတ်ပြန်လိုက်ပါတယ်။ ပင်လောင်းမြို့နယ်က အသက် ၁၃ နှစ်အရွယ် ကျောင်းသူတယောက်ဟာ နိုဝင်ဘာ ၁၆ ရက်နေ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးအပြီး ၂ နာရီလောက်အကြာမှာ မူးဝေလာတာကြောင့် ပင်လောင်းဆေးရုံကို တက်ခဲ့ရပါတယ်။ အဲဒီနောက် မသက်သာလို့ တောင်ကြီးမြို့က အမျိုးသမီးနဲ့ ကလေးဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့ပြီး ညနေ ၅ နာရီခွဲမှာ သေဆုံးခဲ့တာပါ။ သေဆုံးခဲ့ရတဲ့အကြောင်းရင်းကို ဗဟိုနဲ့ ပြည်နယ်အဆင့် ကျွမ်းကျင်သူတွေက စုံစမ်းစစ်ဆေးနေပြီး ဓာတ်ခွဲအဖြေတွေကိုလည်း အသိပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ တနိုင်ငံလုံးမှာ ၁၅ ရက်နေ့ကစလို့ ကာကွယ်ဆေး အစုလိုက်ထိုးနှံနေပြီး ၁၆ ရက်နေ့အထိ ကလေး စုစုပေါင်း ၃၅ သိန်းကို ထိုးနှံခဲ့ပေမယ့် အခုလို ပြင်းထန်တဲ့ နောက်ဆက်ဆွဲ လက္ခဏာတွေ့တာ မရှိဘူးလို့လည်း ဆိုပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ကုသနိုင်တဲ့ ဆေးမရှိသေးဘဲ ကာကွယ်ဆေးပဲ ရှိတာကြောင့် အခုလို ရှားပါးစွာ တိုက်ဆိုင်ကြုံတွေ့ရတဲ့ အဖြစ်ကြောင့် မိဘတွေအနေနဲ့ အစိုးရိမ်လွန်တဲ့စိတ်နဲ့ ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါကို မေ့မသွားစေချင်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဂျပန်ဦးနှောက်ရောင်ရောဂါပိုးတွေ့သူ စုစုပေါင်း ၃၉၃ ယောက်၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလကုန်အထိ ရောဂါပိုးတွေ့သူ ၃၀၆ ယောက်ရှိပါတယ်။ ဒီထဲက ၃၀ ရာခိုင်နှုန်းလောက် သေဆုံးပြီး အသက်ရှင်ကျန်နေသူတွေမှာလည်း  နာတာရှည် ကိုယ်လက် အင်္ဂါမသန်စွမ်းတာ၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ ချွတ်ယွင်းတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက ဆိုပါတယ်။ လက်ရှိမှာ အသက် ၉ လကနေ ၁၅ နှစ်အောက် ကလေးတွေကို ကာကွယ်ဆေးထိုးပေးနေပြီး ဆေးထိုးပြီး အပြင်းဖျားဖူးသူ၊ တီဘီဆေးသောက်နေရသူ (သံသယရှိသူ)၊ နာတာရှည်ရောဂါရှိသူ၊ အတက်ရောဂါရှိသူ၊ ကျောက်ကပ်၊ လေးဘက်နာရောဂါရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ ဆေးထိုး မပေးပါဘူး။
3 years Ago
Up