ထီးလင်းမြို့

May 4, 2021

အကြမ်းဖက်စစ်အုပ်စုကို ယောဒေသနေပြည်သူများက ရရာလက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်နေ

မကွေးတိုင်းနဲ့ ချင်းပြည်နယ်စပ်ရှိ ယောဒေသ ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်ထဲမှာ မေလ ၄ ရက်နေ့က စစ်ကောင်စီအကြမ်းဖက်တပ်တွေကို ဒေသခံတွေက ရရာလက်နက်စွဲကိုင်ကာ ပြန်လည်ခုခံတိုက်ခိုက်နေကြပါတယ်။

စစ်အုပ်စုက ပြည်သူတွေအပေါ်  ဖိနှိပ်အကြမ်းဖက်မှုတွေ တစ်ရက်ထက် တစ်ရက် ဆိုးဝါးလာနေတာကြောင့် မခံနိုင်တော့တဲ့အတွက် အခုလို ရရာလက်နက်စွဲကိုင် တော်လှန်တာ ဖြစ်တယ်လို့ ဒေသခံတချို့က ဒီဗွီဘီကို ပြောပါတယ်။

ထီးလင်းမြို့နယ် တိုက်ပွဲအတွင်း မနက်ပိုင်းမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦး ကျဆုံးထားသလို ပြည်သူတွေဘက်ကလည်း ကျဆုံးသူတချို့ ရှိပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေသလို  ပြည်သူတွေဘက်ကိုလည်း အနီးအနားမြို့တွေက လာရောက်ဝိုင်းဝန်းနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ  သာကောင်းကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ တိုက်ပွဲဖြစ်ပွားနေကာ ထိခိုက်ကျဆုံးမှု အသေးစိတ်တော့ မသိရသေးပါဘူး။ 

ဒီတိုက်ပွဲတွေကို စစ်ကောင်စီက စစ်အင်အားဖြည့်တဲ့အနေနဲ့ ကလေးမြို့ကနေ စစ်ကားကြီး ၇ စီးနဲ့ လာရောက်နေကြောင်းလည်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က‌လည်း ယောနယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဟားခါးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ CDF(Hakha)တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီအကြမ်းဖက်တပ်က ၄ ဦးသေဆုံးတယ်လို့ CDF က သတင်းထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် ကလေး-ဂန့်ဂေါကားလမ်းပေါ်က ဆည်တောရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထိခိုက်ကျဆုံးမှုအခြေအနေကို  စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တူမီးကိုင်ဆောင်သူတွေ ကလေး-ဂန့်ဂေါလမ်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားကာ ပြည်သူတချို့ ကျဆုံးခဲ့ပါသေးတယ်။

ဂန့်ဂေါ-ကလေးလမ်းမှာ မကြာခဏဆိုသလို စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ပြည်သူတွေ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

7 months Ago

March 8, 2021

ထီးလင်းမြို့၌ ရဲတပ်ဖွဲ့၏အကြမ်းဖက်ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး ကျည်ဆန်ထိမှန် သေဆုံး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို၊ ပြည်သူ့ဆေးရုံရှေ့မှာ  မတ်လ ၇ ရက် ည ၈ နာရီလောက်က စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်သူတစ်ဦးကို ဖမ်းဆီးရာကနေ ဒေသခံတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် တောင်သားလူမျိုး လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ 

ထီးမြို့ဒေသခံ တစ်ဦးက "ညက စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါတဲ့ ကိုအောင်ကောင်းမြတ်ကို လာဖမ်းတာ။ အဲဒါကို ရပ်ကွက်က ဝိုင်းပြီးပြန်လုကြတာပေါ့။ အဲဒါကနေ လူငယ်က သေနတ်မှန် သေသွားတာ။ သူက တောင်သားလူမျိုး။ ထန်းတပင်ရွာက။ သူ့အလောင်းကိုတော့ ရွာကို သယ်ပြီးပြီ။ ဘယ်နေ့သင်္ဂြိုဟ်မယ်ဆိုတာတော့ မသိရသေးဘူး"လို့ ပြောပါတယ်။

ရဲကနေ ကျည်အစစ်နဲ့ပစ်လို့ ရင်ဘတ်ကျည်ဖောက်ထွက်ဒဏ်ရာနဲ့သေဆုံးသူတစ်ဦးအပြင် အနည်းဆုံး ၇ ဦးထက်မနည်း ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ လက်ရှိမှာ အမျိုးသမီး ၁ ဦး အပါအဝင် လူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ထီးလင်းမြို့နယ်မှာ ပထမဆုံးအကြိမ်အဖြစ် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ခံရတာလည်း ဖြစ်ပါတယ်။

9 months Ago
Up