ထီပေါက်ပြီး လာမထုတ်သည့်လက်မှတ် ၁ သောင်းခန့်ရှိ၊ ကျပ်သိန်း ၃၀၀၀ ဆု ပါဝင်

September 10, 2018

ထီပေါက်ပြီး လာမထုတ်သည့် ဆုမဲတန်ဖိုး ကျပ်သန်း ၄၂၀၀ နီးပါးရှိနေ

၂၀၁၈ ဘဏ္ဍာနှစ်  ၆ လတာကာလအတွင်းမှာ ထီပေါက်ပြီး လာမထုတ်တဲ့ ဆုမဲတန်ဖိုးက  ကျပ်သန်းပေါင်း ၄၂၀၀ လောက်ရှိတယ်လို့ အောင်ဘာလေသိန်းဆုဌာနက သိရပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနကတော့ ထီထွက်ပြီး ၁ နှစ် အတွင်း လာမထုတ်တဲ့ ထီဆုမဲတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။ အခုဘဏ္ဍာနှစ်အတွင်းမှာ ဆုမဲပေါက်ပြီး လာမထုတ်တဲ့ အရေအတွက်က လစဉ်ကျပ်သန်း ၇၀၀ လောက်ရှိနေတာကြောင့်  အောင်ဘာလေသိန်းဆုဌာနခွဲ အနေနဲ လည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခါနီးအချိန် တလအလိုမှာ ဆုမဲတွေကိုထပ်ပြီး  ကြေညာ ပေးနေတယ်လို့ အောင်ဘာလေသိန်ဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင် က ပြောပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တုန်းကတော့ ဆုကြီးအဖြစ် ကျပ်သိန်း ၃၀၀၀ ဆုပေါက်ပြီး ထီလက်မှတ်ပျောက်သွားတာကြောင့် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ရ တယ်လို့လည်း ပြောပါတယ်။ ဒါပြင် အခုနှစ်မှာ နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းဆည်းမဲ့ ထီဆုတွေကတော့ ကျပ် ငါးသောင်းဆုက အများဆုံးဖြစ်ပြီး ကျပ်တစ်သိန်းဆု၊ နှစ်သိန်းဆုနဲ့ သုံးသိန်းဆု တွေပါဝင်ပါတယ်။ ထီထိုးတဲ့ ထီဝါသနာရှင်တွေကလည်း  ထီထိုးထားပြီဆိုရင် ထီတိုက်တဲ့အလေ့အထမရှိဘဲ ထီထိုးထားတဲ့ ဆိုင်တွေက အကြောင်းကြားတာတွေကို စောင့်ဆိုင်းနေပြီး ထီမတိုက်သူတွေ လည်း ရှိနေပါတယ်။ ဒါ့အပြင် တချို့ကတော့ ထီပေါက်စဉ်နဲ့ ထီတိုက်တာမျိုးမဟုတ်ဘဲ လူမှုကွန်ရက် စာမျက်နှာတွေမှာ တင်ထားတဲ့ ထီပေါက်စဉ်တွေက တိုက်တာတွေကြောင့် ကွဲလွဲမှုတွေ ရှိနေနိုင်ပြီး ထီပေါက်တာတွေကို မသိတာလည်း ဖြစ်နိုင်တယ်လို့ ထီဝါသနာရှင် ဦးအောင်သူက ဆိုပါတယ်။ အောက်တိုဘာ ၁ရက်နေ့မှာ ဖွင့်လှစ်မယ့် ၁၉ ကြိမ်မြောက်  ကျပ် ၅၀၀ တန် ထီလက်မှတ် အတွက်ကို အက္ခရာ ၄၇ လုံး ထုတ်ဝေ  ရောင်းချထားပါတယ်။ ဆုမဲတွေကတော့ ကျပ် သိန်းတစ်သောင်းဆု၊ သိန်း ၅၀၀၀ဆုနဲ့ ကျပ်သိန်း ၃၀၀၀ထောင်ဆုအပါအဝင် ဆုမဲပေါင်း တစ်သိန်းနှစ်သောင်းဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
3 years Ago

September 2, 2018

ထီပေါက်ပြီး လာမထုတ်သည့်လက်မှတ် ၁ သောင်းခန့်ရှိ၊ ကျပ်သိန်း ၃၀၀၀ ဆု ပါဝင်

၂၀၁၇ ခုနှစ်ကနေ ထီပေါက်ပြီး လာမထုတ်တဲ့ ကျပ်သိန်း ၃၀၀၀ ဆုအပါအဝင် ဆုမဲပေါင်း ၁ သောင်းကျော်ရှိပြီး ဒီလနောက်ဆုံးထားလာထုတ်ဖို့ အောင်ဘာလေ သိန်းဆုဌာနခွဲက ကြေညာပါတယ်။ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှာဖွင့်ခဲ့တဲ့ ၇ ကြိမ်မြောက် ကျပ် ၅၀၀ တန် ထီလက်မှတ် အပါအဝင် ဆုမဲပေါင်း ၁၁၆၅၆ ဆုကို ဒီနေ့အထိ လာမထုတ်သေးဘူးလို့ ဆိုပါတယ်။ ဒီဆုတွေထဲမှာ ကျပ်သိန်း ၁၀၀၀ တဆု၊ သိန်း ၅၀၀ တဆု၊ သိန်း ၃၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ သိန်း ၅၀ ငါးဆု၊ သိန်း ၃၀ လေးဆု၊ ၁၀ သိန်းဆု ၉ ဆု၊ ကျပ် ၃ သိန်းဆု ၉ ဆု၊ ၂ သိန်းဆု ၁၆၂ ဆုပါဝင်ပါတယ်။ ကျပ် သိန်း ၁၀၀၀ ဆုနံပါတ်က ဒ-၈၃၄၁၈၅၊ ကျပ်သိန်း ၅၀၀ ဆုက န-၁၂၉၂၂၃၊ ကျပ်သိန်း ၃၀၀ ဆုတွေက ဇ-၂၈၄၃၈၇ နဲ့ ဒ-၇၇၅၉၈၈ ဖြစ်ပါတယ်။ ဆုလက်မှတ်တွေကို စက်တင်ဘာ ၂၈ ရက် နောက်ဆုံးထားပြီး မထုတ်ဘူးဆိုရင် နိုင်ငံတော် ဘဏ္ဍာငွေအဖြစ်သိမ်းမယ်လို့လည်း ကြေညာထားပါတယ်။ ၂၀၁၇ ဧပြီမှာဖွင့်တဲ့ ၁ ကြိမ်မြောက် ၅၀၀ တန်ထီဖွင့်ပွဲမှာ ကျပ်သိန်း ၁၀၀ ဆု ၇ ဆုအပါအဝင် ဆုမဲပေါင်း တသောင်းခွဲကျော်၊ ၃ ကြိမ်မြောက်မှာ သိန်း ၁၀၀ ဆု ၇ ဆုအပါအဝင် ဆုမဲပေါင်း ၁၂၀၀၀ ကျော်၊ ၄ ကြိမ်မြောက်မှာ သိန်း ၁၀၀၀ ဆု အပါအဝင် ဆုမဲပေါင်း ၁၁၀၀၀ ကျော်၊ ၅ ကြိမ်မြောက်မှာ သိန်း ၁၀၀၀ ဆု အပါအဝင် ဆုမဲပေါင်း ၁၀၀၀၀ ကျော်၊ ၆ ကြိမ်မြောက်မှာ သိန်း ၃၀၀၀ ဆုတဆု၊ ကျပ်သိန်း ၅၀၀ ဆု ၃ ဆုအပါအဝင် ဆုမဲပေါင်း ၁၀၀၀၀ ကျော်လာမထုတ်လို့ ဘဏ္ဍာသိမ်းခဲ့ပြီး ဖြစ်ပါတယ်။ ၇ ကြိမ်မြောက်အတွက် ဆုမဲတွေကို ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အောင်ဘာလေ သိန်းဆုဌာနခွဲတွေမှာ ထုတ်ယူနိုင်ပြီး မထုတ်ယူရသေးတဲ့ ဆုမဲစာရင်းတွေကို မြို့နယ် အခွန်ဦးစီးရုံးတွေမှာ ကြေညာထားတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ http://www.irdmyanmar.gov.mm/sites/default/files/7.pdf မှာလည်း ကြည့်ရှုနိုင်ပါတယ်။
3 years Ago
Up