ထိန်းသိမ်းရေးစခန်းမှ ရက်အတန်ကြာ လွတ်မြောက်နေသည့် မိကျောင်းကြီးကို ပြန်လည်ဖမ်းဆီး

January 16, 2017

ထိန်းသိမ်းရေးစခန်းမှ ရက်အတန်ကြာ လွတ်မြောက်နေသည့် မိကျောင်းကြီးကို ပြန်လည်ဖမ်းဆီး (ရုပ်သံ)

ထိုင်းနိုင်ငံ မိကျောင်းထိန်းသိမ်းရေးစခန်းတခုကနေ ရက်အတန်ကြာ လွတ်မြောက်နေခဲ့တဲ့ မိကျောင်းကြီးတကောင်ကို သက်ဆိုင်ရာက ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီလို့ ခေါင်ဆွတ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ အရှည် ၅ မီတာရှိတဲ့ နာဒီယာအမည်ရတဲ့ အဲဒီိမိကျောင်းဟာ ရှားပါး မိကျောင်းအမတကောင်ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ် ရေကြီးရေလျှံမှုတွေအတွင်း လွတ်မြောက်သွားခဲ့တာပါ။ မိကျောင်းကြီး လွတ်မြောက်ခဲ့ပြီးနောက်မှာတော့ ဒေသခံတွေဟာ ထိတ်လန့်တကြား ဖြစ်ခဲ့ကြတာပါ။ အဲဒီမိကျောင်းကြီးကို ထိုင်းနိုင်ငံ နခွန်ဆီသမာရတ်ခရိုင်၊ သာလတ်ဒ်တိရိစ္ဆာန်ဥယျာဉ်တွင်းမှာ ထိန်းသိမ်းထားတာဖြစ်ပြီး ပျောက်ဆုံးနေခဲ့ချိန်မှာတော့ လူပေါင်း ၃၆ ယောက်လောက်ကို သတ်ခဲ့ပြီးဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့တာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မိကျောင်းဖမ်းသမားတွေပါဝင်တဲ့ အဖွဲ့ဟာ မိကျောင်းကြီးကို ပိုက်စိပ်တိုက် ရှာဖွေနေခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ဥယျာဉ်အတွင်းမှ သမင်တွေထားတဲ့ နေရာမှာ ဝပ်ပုန်းနေခဲ့တာကို တွေ့ရှိခဲ့ကြတာပါ။ အဲဒီအချိန်မှာတော့ ရေလွှမ်းမိုးမှုကြောင့် နေရာပြောင်းရွှေ့ထားတဲ့အတွက် သမင်တွေ အဲဒီနေရာမှာ ရှိမနေခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ မိကျောင်းကြီး လူနေအိမ်ခြေတွေရှိတဲ့ အပြင်ကို ထွက်သွားမှာ စိုးရိမ်နေခဲ့ကြပြီး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတာပါ။ ရေလွှမ်းမိုးတဲ့ဒေသမှာ ရှိနေတဲ့ မိကျောင်းတွေအနေနဲ့ အစာရှာမရဘဲ ဆာလောင် မွတ်သိပ်လာခဲ့မယ်ဆိုရင်တော့ လူတွေကိုပါ ရန်မူလာတတ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
5 years Ago
Up