ထိုင်း-မြန်မာ နယ်စပ်

November 15, 2021

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးသယ်သူ ၁ ဦးကို အသေပစ်ဖမ်း၊ စိတ်ကြွဆေး ၆ သန်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မြန်မာနယ်စပ်ဖှန်မြို့နယ်ထဲမှာ ထိုင်းတာဝန်ရှိသူတွေက မူးယစ်ဆေးဝါးသယ်ဆောင်သူ တယောက်ကို  အသေပစ်ခတ်ဖမ်းမိပြီး စိတ်ကြွဆေးပြား ၆ သန်းနဲ့ သေနတ်ပါဖမ်းမိတယ်လို့  Matichon Online သတင်းမှာ ဖော်ပြပါတယ်။ 

နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီခွဲလောက်က ထိုင်းစစ်တပ်နဲ့ ရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ချင်းမိုင်ခရိုင်မယ့်အိုင်းမြို့နယ် ဆန်တွန့်မွေ့ကျေးရွာအုပ်စုထဲမှာ စစ်ဆေးရေး ဂိတ်ချပြီး ယာဉ်အသွားအလာတွေ စစ်ဆေးစဉ် နယ်စပ်ဘက်က မောင်းလာတဲ့ ကားတစ်စီးကို စစ်ဆေးဖို့တားမြစ်ရာမှာ မောင်းပြေးသွားလို့ လိုက်ဖမ်းခဲ့တယ်လို့ တာဝန်ရှိသူမှ သတင်းထောက်တွေကိုပြောပါတယ်။

အဲဒီကားဟာ ဖှန်မြို့နယ် ဝိန်းအုပ်စု နောင်တွန့်ကျေးရွာနားရောက်တော့ ကားပျက်ပြီး လမ်းဘေးကရေမြောင်းထဲ ထိုးကျသွားစဉ်  ကားသမားက တာဝန်ရှိသူတွေကို အရင်ဆုံး သေနတ်ပစ်ခတ်ပြီး ထွက်ပြေးဖို့ကြံစည်လို့  တာဝန်ရှိသူတွေဘက်က အသေပစ်ခတ်ဖမ်း ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ကားကိုစစ်ဆေးရာမှာတော့ တစ်အိတ်လျှင် စိတ်ကြွဆေးပြားအလုံးရေ ၂ သိန်းထည့်ထားတဲ့ အိတ်ပေါင်း ၃၀ လုံး ( စုစုပေါင်းဆေးပြား ၆ သန်း ) ၊ ပစ္စတိုတစ်လက် ၊ ကျည် ၁ ကတ်နဲ့  လက်ကိုင်ဖုန်း ၁ လုံး ကိုပါ ဖမ်းဆီးရမိကြောင်း ၊ သေဆုံးသွားတဲ့ကားသမား ဘယ်သူဘယ်ဝါဆိုတာကိုတော့ စိစစ်နေဆဲ ဘဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာဘဲ ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့နယ် ဘန့်ရှောင်း ကျေးရွာအုပ်စုရှိ ခြုံပုတ်ထဲမှာ AAA အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၂ သိန်းထည့်ထားတဲ့ အိတ်တစ်လုံးကို တာဝန်ရှိသူတွေက ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့ကြောင့် သတင်းမှာ ဖော်ပြပါတယ်။

Ref- Matichon

3 weeks Ago

September 29, 2021

တောင်ပေါ်ကရင်တိုင်းရင်းသားများက အုန်းဖျန်ရေဘေး လာရောက်ကူညီလုပ်အားပေး

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြီးရေလျှံပြီး အိမ်ခြေအတော်များများ ရေလွှမ်းမှုခံခဲ့ရပါတယ်။

စက်တင်ဘာ ၂၈ ရက်မှာ ရေတွေကျသွားခဲ့ပေမယ့် ရွှံ့နွံနဲ့ အပျက်အစီးတွေ ကျန်ခဲ့တာကြောင့် ပြန်လည်ထူထောင်ရေး အကြီးအကျယ်လုပ်ဆောင်နေရာမှာ မနေ့က ကရင်တိုင်းရင်းသား အယောက် ၂၀၀ ကျော် တောင်ပေါ်ကနေ ဆင်းလာပြီး စေတနာ့ဝန်ထမ်း လာရောက်ကူညီ သန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့တာကြောင့် ထိုင်းလူမှုကွန်ရက်မှာ ချီးကျူးအားပေးနေကြပါတယ်။

အဆိုပါကရင်တိုင်းရင်းသားတွေဟာ အုန်းဖျန်မြို့နယ် နောင်လုံကျေးရွာအုပ်စုကဖြစ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး  နိုင်းကျဒူးရုန်း ဥထိုင်းဟိရန်ထဝီ ဦးဆောင်ကာ ရေဘေးသင့်ခဲ့တဲ့ အုန်းဖျန်မြို့ မြူနီစီပါယ်ဧရိယာထဲမှာရော၊ မဲ့ကလောင်းကျေးရွာအုပ်စုထဲမှာပါ ရွှံ့နွံများရှင်းလင်းတာ၊ ပစ္စည်းတွေ ရွှေ့ပြောင်းနေရာချထားပေးတာတွေ  ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။ 

ဒါ့အပြင် မယ့်ကျန်းမြူနီစီပါယ်ကလည်း မီးသတ်ကားက ရေတွေနဲ့ လာရောက်ပက်ဖျန်း ဆေးကြောပေးခဲ့ကြပါတယ်။ အုန်းဖျံမြို့မှာ ဒီတခေါက်ရေကြီးတာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးဖြစ်တာကြောင့် နဂိုအတိုင်း ပုံမှန်ပြန်ဖြစ်ဖို့ ရက်အတော်ကြာ အချိန်ယူရှင်းလင်း ပြုပြင်ရမယ်လို့ မြို့နယ်တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ နဲ့ ၂၇ ရက်တွေက မိုးသည်းထန် ရေကြီးရေလျှံမှုကြောင့် မြို့နယ်ထဲမှာ လူပေါင်း ၂၀၀ ကျော် ရေထဲပိတ်မိခဲ့ပြီး ကားအစီးရေ ၁၀၀ ကျော် တောင်ပေါ်လမ်းမှာ ပိတ်မိခဲ့ပါတယ်။

တောင်ကျချောင်းရေကြောင့် တံတားကျိုးတာတွေ၊ မြေပြိုမှုကြောင့် လမ်းပိတ်တာ၊ သစ်ပင်ကြီးတွေ ကျိုးကျတာတွေ ရှိခဲ့ပါတယ်။

2 months Ago
More News
Up