ထိုင်း မိန်းကလေး ၁၀ ဦး

July 28, 2021

မြန်မာနိုင်ငံမှ တရားမဝင် ပြန်လာသည့် ထိုင်းမိန်းကလေး ၁၀ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ဇူလိုင် ၂၇ ရက်က  မြန်မာဘက်ခြမ်းကနေ တရားမဝင် ပြန်ဝင်လာတဲ့ ထိုင်းမိန်းကလေး ၁၀ ဦး ဖမ်းဆီးခံရတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

နယ်ခြားစောင့်တပ်နဲ့ ရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့ မနက်က မဲဆောက်မြို့နယ် မယ်ကု အုပ်စု မယ်ကုလုံကျေးရွာနားက သောင်ရင်းမြစ်တလျှောက်မှာ လုံခြုံရေးယူနေစဉ် အထုပ်အပိုးတွေနဲ့ ပြောင်းခင်းထဲကနေ ထွက်လာတဲ့ မသင်္ကာသူ မိန်းကလေး ၁၀ ယောက်ကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ အားလုံးမှာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး မြန်မာဘက်ခြမ်း ကာစီနိုလောင်းကစားရုံတွေမှာ ဖျော်ဖြေမယ်အဖြစ် သွားရောက်အလုပ်လုပ်ပြီး ပြန်လာကြတာလို့ ဆိုပါတယ်။ 

သူတို့ ၁၀ ဦးမှာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက နခွမ်ဆဝမ်၊ ပိဿနုလုတ်၊ ဥဒွန်းဌာနီ၊ ကမ်ဖိုင်ဖစ်၊ ပူရီရမ်၊ ဆီစကစ်၊ ဘန်ကောက်၊ တာ့ခ် စတဲ့ခရိုင်က ဖြစ်ကြောင်း၊ နိုင်ငံထဲကို တရားမဝင် ပြန်ဝင်လာတာကြောင့် ကိုဗစ် ၁၉ ဥပဒေ၊ လ.ဝ.က ဥပဒေတွေနဲ့ အရေးယူခံရမှာဖြစ်ကြောင်း၊ အရေးမယူခင် မဲဆောက်ယာယီဆေးရုံမှာ ကိုဗစ်-၁၉ ပိုးအရင်စစ်ဆေးပြီး ကွာရန်တင်းစင်တာမှာ ၁၄ ရက် အသွားအလာကန့်သတ်နေထိုင်ရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

4 months Ago
Up