ထိုင်း ပြည်တွင်းလေကြောင်းလိုင်း

August 30, 2021

ကိုဗစ်-၁၉ ကြောင့် ယာယီပိတ်ထားသည့် ထိုင်းပြည်တွင်းလေကြောင်းလိုင်းအချို့ ပြန်ပြေးဆွဲမည်

ထိုင်းနိုင်ငံမှာ ယာယီပိတ်ထားခဲ့တဲ့ ပြည်တွင်းလေကြောင်းလိုင်းတချို့ လာမယ့် စက်တင်ဘာ ၁ ရက်က စတင်ပျံသန်းပြေးဆွဲ တော့မယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့လေကြောင်းလိုင်း ကွပ်ကဲရေးဌာနက ဩဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားတဲ့ နယ်မြေကို  အနီရင့်ရောင်သတ်မှတ်ပြီး နယ်မြေ ထွက်ခွာခွင့်တွေလည်း ပိတ်ပင်ထားခဲ့တာပါ။  ဩဂုတ် ၂၇ ရက်ကတော့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေကွပ်ကဲထိန်းချုပ်ရေး ဗဟိုအဖွဲ့က လော့ဒေါင်းလုပ်ထားတဲ့ နယ်မြေတချို့ကို ဖြေလျော့ပေးပြီး စည်းကမ်းချက်တချို့ကိုလည်း ဖြေလျော့ခဲ့ပါတယ်။ 

အခုလို ဖြေလျော့ချက်တွေနဲ့ လိုက်လျောညီထွေစွာ ယာယီပိတ်ထားခဲ့တဲ့ ပြည်တွင်းလေ ကြောင်းလိုင်းတချို့ကိုလည်း လာမယ့် စက်တင်ဘာ ၁ ရက်မှာ စတင်ပျံသန်းတော့မယ်လို့ ထိုင်းနိုင်ငံပြည်သူ့လေကြောင်းလိုင်းကွပ်ကဲရေးဌာနက ဩဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ကြေညာ လိုက်တာပါ။

ပြန်လည်ပြေးဆွဲမယ့် မြို့တွေထဲမှာ ချင်းမိုင်၊ ဘန်ကောက်၊ ပိစနုလုတ်၊ ချွန်းဖွန်း၊ ဖူးကက်၊ ကရပီ၊ ဟွာဟင်၊ တရန်း၊ ဖရဲ့ ၊ နန့်၊ စကွန်းနခွန်း၊ ဥဒွန်းဌာနီ၊ ဘူရီရမ်၊ ခွန်ကဲန်၊ ဥဘွန်းရာ့ချ်ဌာနီ၊ လမ်းပန်း၊ ချင်းရိုင်း၊ ဟတ်ယိုင်၊ နခွန်းဖနုန်၊ နခွန်းဆီထမရတ်၊ ရနောင်း၊ စူရတ်ဌာနီ နဲ့ နာရာသီဝပ် စတဲ့မြို့တွေ ပါဝင်ပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်တွေနဲ့အညီ ခရီးသည်တွေ ကို တင်ဆောင်မှာဖြစ်ကြောင်း၊ အဓိကအားဖြင့် ဆိုက်ရောက်ခရိုင်က ဝင်ခွင့်ပြုမယ့် စည်းကမ်းချက်တွေနဲ့ ညီညွတ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြည်တွင်းလေယာဉ်စီးခရီးသည်တွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေအထောက်အထား  (သို့မဟုတ်)  RT-PCR သို့မဟုတ် ATK စနစ်နဲ့ ကိုဗစ်-၁၉ စစ်ဆေးပြီး ပိုးကင်းစင်ကြောင်း အထောက်အထား၊  ကိုဗစ်-၁၉ ကူးစက်ခံရပေမယ့် လွန်ခဲ့တဲ့ ရက်ပေါင်း ၉၀ က သက်သာပျောက်ကင်းခဲ့သူ၊  Sandbox ခရီးသွားလုပ်ငန်းနဲ့ လိုက်လာတဲ့ နိုင်ငံခြားသားများ၊ ကွာရန်တင်း ၁၄ ရက် ဝင်ပြီးတဲ့ နိုင်ငံခြားသားတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လေယာဉ် ၁ စီးကို ခရီးသည် အများဆုံး ၇၅ ဦးသာ လက်ခံမှာဖြစ်ပြီး လေယာဉ် အတက်အဆင်းမှာ အပူချိန်တိုင်းတာခြင်း၊ လေယာဉ်ထဲမှာလည်း တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေဖို့ ထိုင်ခုံတွေ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ တတိယလှိုင်းမှာ တနိုင်ငံလုံးနီးပါး ကူးစက်ခံထားရပြီး ကူးစက်မှု အမြင့်မားဆုံး (အနီရင့်ရောင်ဇုန်) သတ်မှတ်ထားတဲ့ခရိုင်မှာ ၂၉ ခရိုင်၊ ကူးစက်မှုမြင့်ဆဲ (အနီရောင်ဇုန်) မှာ ၃၇ ခရိုင်၊ ကူးစက်မှုထိန်းချုပ်ဆဲ(လိမ္မော်ရောင်ဇုန်)မှာ ၁၁ ခရိုင် ပါဝင်ပါတယ်။ 

အနီရင့်ရောင်ဇုန်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဘန်ကောက်၊ စမွတ်စခွန်း၊ စမွန်ပရကန်၊ တာ့ခ်၊ စမွတ်ပရကန်၊ ကန်ကျနပူရီ၊ ဖစ်ချ်ဘွန်း စတဲ့ခရိုင်တွေ ပါဝင်ပါတယ်။ 

ထိုင်းနိုင်ငံ ကိုဗစ် ၁၉ ကူးစက်မှုအခြေအနေမှာ ဒီကနေ့ လူနာသစ် ၁၅,၉၇၂ ဦး  သေဆုံး ၂၅၆ ဦးရှိပြီး ဧပြီ ၁ ရက်နေ့ကစ ဒီနေ့ထိ ကူးစက်ခံရသူ စုစုပေါင်း ၁၁၆၁၂၀၀ ဦး၊ သက်သာပျောက်ကင်းသူ ၉၇၄၄၁၈ ဦး သေဆုံးသူ ၁၁၃၀၅ ဦးရှိပါတယ်။နောက်ထပ်အသေးစိတ်အချက်အလက်များကို ထိုင်းနိုင်ငံ ပြည်သူ့လေကြောင်းလိုင်း ကွပ်ကဲရေး  ဝက်ဆိုက်ပ် https://www.caat.or.th/en/%e0%b8%a1%e0%b8%b2%e0%b8%95%e0%b8%a3%e0%b8%81%e0%b8%b2%e0%b8%a3-covid-19-en  ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

3 months Ago
Up