ထိုင်းအလှမယ်

December 10, 2020

ထိုင်းအလှမယ်များ ကြိုးတံတားပေါ်က ပြုတ်ကျ ၊ ၃ ဦး ဒဏ်ရာရ  (ရုပ်သံ)

၂၀၂၀ ထိုင်းအလှမယ်ပြိုင်ပွဲဝင် အလှမယ်တွေဟာ ဒီဇင်ဘာ ၇ ရက်က ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ်ထဲမှာ ပြင်ပလေ့လာရေး ကွင်းဆင်းနေစဉ် ကြိုးတံတားပေါ်က ပြုတ်ကျ ပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။  ကြိုးတံတားပြုတ်ကျတဲ့နေရာဟာ မဲ့တိုင်မြို့နယ် ခီ့လိတ်အုပ်စုရှိ Pang Pao Beach Cafe and Restaurant  တောင်ပေါ်ပင်လယ်အပမ်းဖြေစခန်းမှာဖြစ်ပြီး အလှမယ်ပေါင်း ၃၀ ကျော်ဟာ လက်ထဲမှာ ဝိုင်ခွက်ကိုယ်စီကိုင်ရင်း ကြိုးတံတားပေါ် လှပစွာဖြတ်လျှောက်နေတဲ့ပုံ အမ်ဗွီ နဲ့ ဓာတ်ပုံ များရိုက်ကူးစဉ် တံတားကြိုးကျပြီး အားလုံးရေထဲပြုတ်ကျသွားတာ ဖြစ်ပါတယ် ။  ကြိုးတံတားအောက်က ရေချောင်းဟာ အနက် ၇ မီတာခန့်သာရှိတဲ့အတွက် အသက် အန္တရာယ် ထိခိုက်မှုမရှိပေမယ့် အလှမယ် ၃ ယောက်ကတော့ ခေါင်းနဲ့ ကိုယ်မှာ ပွန်းပဲ့ရာ တွေရသွားလို့ လူနာ တင်ကားနဲ့ ဆေးရုံပို့လိုက်ရတယ်လို့  အလှမယ်ပြိုင်ပွဲကော်မတီဝင် နိုင်းအဒီးဆွန် ဆွတ်ဒီ က သတင်းထောက်ကို ပြောပါတယ်။  အဆိုပါ ကြိုးတံတားဟာ ဧကပေါင်း ၂၀ ခန့်ကျယ်ဝန်းတဲ့ အပမ်းဖြေဥယျာဉ်ထဲမှာရှိပြီး ပင်လယ်အသေးစားလေးပါရှိကြောင်း ၊ ထိုင်းနိုင်ငံက တစ်ခုတည်းသော တောင်ပေါ်ပင်လယ်ဖြစ်ပြီး ဥယျာဉ်ဝင်ကြေး တစ်ဦး ဘတ် ၃၀ နဲ့ ဒီလ ၆ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။  ဥယျာဉ်ဖွင့်ပြီး ၁ ရက်အတွင်းမှာဘဲ အခုလို မတော်တဆထိခိုက်မှုဖြစ်ရတာဖြစ်ကြောင်း ၊ အဆိုပါ ကြိုးတံတားမှာ တကြိမ်လျှင် လူ ၂၅ ယောက်ခန့်သာ ဖြတ်လျှောက်နိုင်ပေမယ့် အဲဒီနေ့က အလှမယ်ပေါင်း ၃၀ လျှောက်လာလို့ အလေးချိန်မနိုင်တော့ဘဲ ပြုတ်ကျသွားတာလို့ ပင်လယ် ဥယျာဉ်ပိုင်ရှင်က ပြောပါတယ်။  နောက်နောင် ကြိုးတံတားကို ဒီထက်ခိုင်ခန့်အောင်ပြုပြင်တည်ဆောက်သွားမှာဖြစ်ပြီး ဒေသဓလေ့ထုံးစံအရ အထိတ်တလန့်ဖြစ်သွားရတဲ့ အလှမယ်တွေကို လိပ်ပြာခေါ်တဲ့အနေနဲ့ ပိုင်ရှင်ဘက်က ဘတ်ငွေ ၅ သိန်း ပေးလျော်ခဲ့တယ်လို့  ဥယျာဉ်ပိုင်ရှင်ကပြောကြောင်း သတင်းထဲမှာ ဖော်ပြပါတယ်။ 
4 months Ago
Up