မြန်မာအလုပ်သမားတွေကို ပို့ဆောင်ခဲ့တဲ့ ထိုင်းအမျိုးသမီး ယာဉ်မောင်းတဦးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
သေဆုံးသူ အသက် ၄၈ နှစ်အရွယ် ထိုင်းအမျိုးသမီးဟာ တာ့ခ်ခရိုင်၊ မဲဆောက်ဒေသကနေ မြန်မာအလုပ်သမားတွေကို ကားမောင်းပို့ဆောင်ခဲ့ဖူးတယ်လို့ ကိုဗစ်-၁၉ ရော ဂါကူးစက်ပျံ့ပွားမှုအခြေအနေ စီမံခန့်ခွဲရေးစင်တာက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အဖီဆမိုင်ဆီရိ ရန်ဆန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာတော့ သူဟာ ဖျားနာခဲ့ပြီး အာသီးယောင်ခဲ့လို့ မဲ ဆောက်ဆေးရုံကို ၂၂ ရက်နေ့မှာ တက်ရောက်ကုသမှုခံယူခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အခြေအနေက တိုးတက်ကောင်းမွန်လာတာမရှိဘဲ ၂၇ ရက်နေ့မှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကာ ပြီးခဲ့တဲ့ တနင်္လာနေ့ညပိုင်းက ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ဒီနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူ ၇၁ ယောက် ရှိလာခဲ့ပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ရောဂါကူးစက်မှုကတော့ ပြည်တွင်းကူးစက်မှု ၅၁ ခုနဲ့ ပြည်ပပြန် ၈ ခုရှိလာခဲ့ပြီဖြစ်ပြီး စုစုပေါင်း ၁၂,၆၅၃ ယောက် ရှိနေတာပါ။
ကူးစက်မှုအသစ် ၅၉ ခုထဲမှာ ၂၈ ယောက်က ဆေးရုံတက်ရောက်ကုသမှု ခံယူနေတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေဟာ ရောဂါလက္ခဏာ မပြပဲ ကူးစက်ခံခဲ့ရသူတွေဖြစ်တယ်လို့ ဒေါက်တာ အဖီဆမိုင်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံရသူတွေရဲ့ ၇၆ ရာခိုင်နှုန်းကတော့ ပြန်လည် သက်သာလာကြပြီး ရောဂါအခြေအနေပြင်းထန်သူ ၁၀ ယောက်အပါအဝင် ၂,၉၆၁ ယောက် ကတော့ ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၄ ရက်တာကာလအတွင်းမှာတော့ ထိုင်းနိုင်ငံခရိုင်တွေထဲ နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအရေအတွက်ဟာ လျော့ကျလာပါတယ်။
တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၉၇ သန်းကျော်ရှိပြီး သေဆုံးသူ ၂ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာလာသူ စုစုပေါင်း ၆၉ ဒသမ ၈ သန်းကျော် ရှိပါတယ်။
1 month Ago