ထိုင်းအစိုးရ အမှုဖွင့်

October 4, 2019

ပြိုင်ဘက် ၇ ပါတီခေါင်းဆောင်များအပါအဝင် ၁၂ ဦးကို ထိုင်းအစိုးရ အမှုဖွင့်

ထိုင်းနိုင်ငံရဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ စစ်အစိုးရရဲ့ ပြိုင်ဘက်ပါတီ ၇ ခုက ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအသိပညာရှင် စုစုပေါင်း လူပုဂ္ဂိုလ် ၁၂ ဦးကို ထိုင်းစစ်တပ်က ဒီကနေ့ အမှုဖွင့်လိုက်ပါတယ်။  ပြိုင်ဘက် ၇ ပါတီ နဲ့ နိုင်ငံရေးအသိပညာရှင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ထိုင်းတောင်ပိုင်း ပတ္တနီခရိုင် ပတ္တနီမြို့မှာ “အခြေခံဥပဒေအသစ်ဖြင့် တောင်ပိုင်းဒေသ ပြဿနာများဖြေရှင်းခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့  နိုင်ငံရေးဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။  အဆိုပါနိုင်ငံရေးဆွေးနွေးပွဲမှ ဟောပြောချက်တွေဟာ အမှန်တရားကိုဖုံးကွယ်ခြင်း၊ အများပြည်သူအား အယုံသွင်းခြင်း၊ သံသယပွါးများစေခြင်း၊ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိပါးစေနိုင်ခြင်း၊ တည်ဆဲ ဥပဒေပေါ် ပြည်သူများ လေးစားလိုက်နာမှုမရှိအောင် ဆောင်ရွက်ခြင်း အစရှိတဲ့ပြစ်မှုတွေနဲ့  အမှုဖွင့်လိုက်တာလို့ အမှတ် ၄ စစ်တိုင်းဒေသမှ ရှေ့တန်းလုံခြုံရေးတပ်ဖွဲ့မှူး ဗိုလ်ချုပ်ပူရင်းထောင်းန်ပရဖိုင်းက သတင်းထောက်တွေကို ပြောပါတယ်။  တိုင်ကြားအမှုဖွင့်ခံရသူ ၁၂ ဦးမှာ ပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲက ဒုတိယအမတ်ဦးရေ အများဆုံးရထားပြီး လူငယ်တွေကြား ရေပန်းစားတဲ့ Newforward Party အနာဂတ်သစ်ပါတီ ဥက္ကဋ္ဌ နိုင်းထနားထွဏ်း ကျင်ရုန့်ရိုင်းကစ်၊ ဖွေထိုင်း ပါတီခေါင်းဆောင် နိုင်းဆုန်ဖုန်း အမွမ်ဝိဝပ်၊ ထိုင်းအမျိုးသားလုံခြုံရေးတပ် အတွင်းရေးမှူးဟောင်း ဗိုလ်ချုပ် ဖာရာဒွန် ဖတ်ထနာဘွန်၊ သမဆတ်တက္ကသိုလ် လူမှုရေးသိပ္ပံဌာနမှ ကထိကဆရာ ချလိဒါး ဘန်ထုဝုန်းနဲ့ ဖွေ့ချတ်၊ ဖလန်းဘွန်းချွန်းထိုင်း၊ ပချားချတ် စတဲ့ပါတီတွေက ခေါင်းဆောင်တွေ ပါဝင်ပါတယ်။ အဆိုပါနိုင်ငံရေးဆွေးနွေးပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က  ပတ္တနီခရိုင်ယဉ်ကျေးမှု ရင်ပြင်မှာ ကျင်းပခဲ့ပြီး ပြည်သူ ၁၅၀ ကျော်လာ ရောက်နားထောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။  အဆိုပါ ဆွေးနွေးပွဲကို သက်ဆိုင်ရာပါတီတို့ရဲ့ လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သလို ယူကျူ့ပေါ်ကနေလည်း ထုတ်လွှင့်ခဲ့ကြတယ်လို့ အမှတ် ၄ စစ်တိုင်းဒေသအရာရှိက ပြောသွားပါတယ်။
2 years Ago
Up