ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ

October 14, 2020

ဖမ်းထားသူများကို ပြန်လွှတ်ရေး ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ တောင်းဆို 

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ ထိုင်းရဲတွေနဲ့ ဆန္ဒပြသူတွေအကြား အောက်တိုဘာ ၁၃ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီး ဆန္ဒပြသူ ၂၁ ယောက်ထက်မနည်း အဖမ်းခံရပါတယ်။ ရဲတွေကို သုတ်ဆေးတွေနဲ့ ပက်ကြတဲ့ ဆန္ဒပြသူတွေက ဖမ်းဆီးခံရတဲ့ သူငယ်ချင်းတွေကို ပြန်လွှတ်ပေးလို့ ကြွေးကြော်ခဲ့ကြပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်ကို သဘောမကျကြောင်း ပွင့်ပွင့်လင်းလင်း ပြသတဲ့ လုပ်ရပ်ဟာ နေ့ချင်းညချင်း ဖြစ်လာတာတော့ မဟုတ်ပါဘူး။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ၃ လကြာဆက်တိုက် ပေါ်ပေါက်နေချိန်မှာ ကြိုတင်စီစဉ်ထားတဲ့ ဆန္ဒပြပွဲကြီးတရပ်မတိုင်ခင် ခုလိုဖြစ်ခဲ့တာပါ။ ဆန္ဒပြပွဲတွေဟာ ထိုင်းစစ်တပ်နဲ့ နန်းတော်က လွှမ်းမိုးထားတဲ့ အသိုင်းအဝိုင်းအတွက် လတ်တလောနှစ်တွေထဲမှာ အကြီးဆုံးစိန်ခေါ်မှု ဖြစ်လာပါတယ်။ စစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာကို ဖယ်ရှားရေးနဲ့ အခြေခံဥပဒေသစ်ရေးဆွဲရေးအတွက် ဆန္ဒပြသူတွေက တောင်းဆိုနေတာပါ။ ဒါ့အပြင် တော်ဝင်မျိုးနွယ်တွေကို မဝေဖန်ကောင်းဘူးဆိုတဲ့ ကာလကြာရှည် ထုံးတမ်းစဉ်လာကို ချိုးဖျက်ပြီး စည်းမျဉ်းခံဘုရင်စနစ်ရဲ့ သြဇာကို ထိန်းချုပ်ကန့်သတ်ဖို့ကိုလည်း ဆော်သြခဲ့ကြပါတယ်။ ရဲတွေက ဆန္ဒပြသူတွေရဲ့ သပိတ်စခန်းကိုလည်း ဖျက်ဆီးခဲ့ကြပြီး ဆန္ဒပြသူတချို့ကို အချုပ်ကားပေါ် တရွတ်ဆွဲ ခေါ်သွားခဲ့ပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်ဟာ အခြေခံဥပဒေရဲ့အောက်မှာပဲ ရှိရမယ်၊ ဒါက ဖြစ်သင့်တာပဲလို့ အသက် ၂၁ နှစ်အရွယ် ဆန္ဒပြသူတယောက်က ပြောပါတယ်။ ဆန္ဒပြသူတွေကို တရားစွဲမှာ မဟုတ်ဘူးလို့ ဘန်ကောက် ရဲချုပ်က ပြောပေမဲ့ ဆန္ဒပြသူ တချို့အတွက် အစောပိုင်း ဆန္ဒပြပွဲတွေနဲ့ပတ်သက်တဲ့ ဖမ်းဝရမ်းတွေ ရှိတယ်လို့ တခြား အရာရှိတယောက်က ပြောပါတယ်။ ရုန်းရင်းဆန်ခတ်တွေ ဖြစ်အပြီးမှာ လမ်းရဲ့တခြားဘက် ဒီမိုကရေစီကျောက်တိုင်ရှေ့ကနေ ဘုရင်မဟာဝဇီရာလောင်ကွန်ရဲ့ တော်ဝင်ယာဉ်တန်း ဖြတ်သွားခဲ့ပါတယ်။ ဆန္ဒပြသူတွေက အစိုးရဆန့်ကျင်ရေး သင်္ကေတအနေနဲ့ လက်ချောင်း ၃ ချောင်းထောင် အလေးပြုခဲ့ပြီး ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
7 months Ago
Up